Trending Now

ယုဇနရပ်ကွက် ညနေစျေး ယခုလမကုန်ခင် နေရာပြောင်းရွှေ့ရန် မြို့နယ် စည်ပင်မှ သတိပေး

Spread the love

ယုဇနရပ်ကွက် ညနေစျေး ယခုလမကုန်ခင် နေရာပြောင်းရွှေ့ရန် မြို့နယ် စည်ပင်မှ သတိပေး

EPN
မြစ်ကြီးနား၊ မတ်လ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် မိန်းလမ်းမပေါ်တွင် ဖွင့်လှစ်ရောင်းချနေသည့် ညနေစျေးသည်များအား ရပ်ကွက်နေ အိမ်ရှင်များက စုပေါင်းတိုင်းကြားမှုကြောင့် ယခုလ မကုန်ခင် နေရာပြောင်းရွှေ့ကြရန် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တားမြှစ်ဗီနိုင်းများ ထောင်ထားကြောင်း စျေးသည်များ ထံမှ သိရသည်။

ယုဇနစျေးတွင် ညနေစျေး ဖွင့်လှစ်ရောင်းချခဲ့သည်မှာ နှစ်အတော်ကြာမြင့်ပြီဖြစ်သော်လည်း ယခုအချိန်ထိ စျေးနေရာအတည်တကျ ရောင်းချခွင့် မရခြင်း၊ အိမ်ရှင်များက မကြာခဏ မောင်းထုတ် တိုင်ကြားမှုတွေကြောင့် စျေးနေရာပြောင်းရွှေ့ရသည်မှာ သုံးနေရာ သုံးကြိမ်တိုင် ရှိခဲ့ကြောင်း ယုဇနစျေးသည် တစ်ဦးက ပြောသည်။

“ကျမတို့ ဒီ ယုဇနစျေးမှာ ရောင်းချနေတာ နှစ်အတော်ကြာပြီ အခုချိန်ထိ အတည်တကျ နေရာမရသေးဘူး၊ အိမ်ရှင်တွေ မောင်းထုတ်လိုက် လမ်းခင်းမယ်လုပ်လိုက် ရေမြောင်းလုပ်မယ်ပြောလိုက်နဲ့ အခုဆို နေရာပြောင်းနေရတာ သုံးနေရာရှိနေပြီး သူတို့ သတ်မှတ်ထားတဲ့ အချိန်စျေးရောင်းတယ်။ သန့်ရှင်းရေးလည်း အကုန်လုပ်ပေးတယ် ကားအဝင်အထွက် အတွက်လည်း လမ်းပေးထားတယ်၊ ဒါကိုအခု နေရာပြောင်းရဦးမယ်၊ ခက်ခဲနေတဲ့ ကာလမှာ နေရာတစ်ခု ပြောင်းရွှေ့ရတာ မလွယ်ဘူး ဖောက်သည်တွေပြတ် စျေးရောင်းမကောင်း ဖြစ်ကုန်တော့မှာပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း အချိန်ကလည်း ယုဇနရပ်ကွက်နေ အိမ်ရှင်များ တိုင်ကြားမှုကြောင့် စျေးသူစျေးသားများ နေရာ ပြောင်းရွှေ့ရန် အခက်အခဲများ ရှိနေခြင်းကြောင့် စျေးနေရာပြောင်းရွှေ့ရန် ဆိုင်းငံံံ့ထားပေးခဲ့ပြီး ယခုအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးနေရာ ရွှေ့ပေးရန် တရားဝင် သတိပေး ဆိုင်းဘုတ် ဗီနိုင်းများ ထောင်ခြင်းများ ပြုလုပ်လာသည့်အတွက် စျေးသူစျေးသားများ စျေးနေရာပြောင်းရွှေ့ပေးရမည့် အပေါ် စိုးရိမ်ပူပန်နေကြောင်း စျေးသူများက ဆိုသည်။

ယုဇ ရပ်ကွက်တွင် ညနေဈေး ရောင်းချနေသည့် ဈေးသူဈေးသားများအား ပြီးခဲ့သည့် နှစ် စက်တင်ဘာ (၅) ရက်နေ့ ကတည်းက ပြောင်းရွှေ့ရန် စည်ပင်မှ စာထုတ်အကြောင်းကြားထားခြင်းဖြစ်ပြီး ဈေးသူဈေးသားအချို့ မပြောင်းရွှေ့ဘဲ ဆက်လက်ဖွင့်လှစ်နေသည့်အတွက် လက်ရှိအချိန်တွင် ဈေးကော်မတီဖွဲ့ပြီး ဈေးသူ ဈေးသားများ ပြောင်းရွေ့ကြရန် ညှိုနိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယုဇန ရပ်ကွက် ညနေဈေးတွင် ရောင်းချနေသည့် ဈေးသူဈေးသားများ အနေဖြင့် ယခင် အချိန်ကတည်းက ရပ်ကွက် လမ်းကြားတွင် ဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်ခန့်မှ စတင်ကာရောင်းချနေသည်ဖြစ်ပြီး လက်ရှိအချိန်တွင် အပြင်မိန်းလမ်းမကြီးသို့ ပြောင်းရွေ့ဖွင့်လှစ်ထားသည်မှ (၂)နှစ်ခန့် ရှိပြီး ဈေးသူဈေးသား (၄၀၀)ခန့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။