Trending Now

ရွေးကောက်ပွဲမကျင်းပမီ UEC အနေဖြင့် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးတိုင်ပင်မှု ပြုလုပ်သင့်ကြောင်း ကချင်နိုင်ငံရေးပါတီအချို့ဆို

Spread the love

ရွေးကောက်ပွဲမကျင်းပမီ UEC အနေဖြင့် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးတိုင်ပင်မှု ပြုလုပ်သင့်ကြောင်း ကချင်နိုင်ငံရေးပါတီအချို့ဆို

 

EPN
မြစ်ကြီးနား၊ ဇွန် ၁၃

လာမည့် နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေးပါတီများနဲ့ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သင့်ကြောင့် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီအချို့က ဆိုသည်။

လက်ရှိကာလသည် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သည့်နည်းတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း တားမြစ်ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်ဖြစ်ရာ နိုင်ငံရေးပါတီများ အနေဖြင့် ဤကာလအတွင်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် အခက်အခဲ များစွာ ရှိနေသောကြောင့် ရွေးကောက်ပွဲ မကျင်းပမီ UEC အနေဖြင့် နိုင်ငံရေးပါတီများကို အကြိုဆွေးနွေး တိုင်ပင်မှုများ ရှိသင့်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာMကောန်လက ယခုကဲ့သို့ဆိုသည်။

“ဖြစ်နိုင်ခြေကို သုံးသပ်တာကတော့ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ လုပ်ရင်လုပ် မလုပ်ဘူးဆိုရင်တော့ အရေးပေါ်ကာလ ၂၀၀၈ အခြေခံဥပဒေရဲ့စီမံခန့်ခွဲမှုထဲကို ဝင်သွားမှာပဲ၊ ဝင်သွားမယ်ဆိုရင်လည်း ဒါမဖြစ်ဖြစ်အောင်လုပ်ရမှာပဲ အဲ့ဒီလိုလုပ်မှ အားသာမှာလေ အဲဒီတော့ တခြားပါတီတွေ ရဲ့ လွတ်လပ်တဲ့ စည်းရုံးခွင့် ရှင်သန်ခွင့်ကို ဘယ်လိုပေးမလဲဆိုတာ အရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်။ ဒါကြောင့် UEC ကလည်း လုပ်မယ်ဆိုရင် သူတို့အနေနဲ့ မျှတတဲ့ အနေအထားဖြစ်အောင် ဖန်တီးရမယ်။ မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်လာတယ်။ အဲဒီပါတီတွေ အနေနဲ့ ဆွေးနွေးဖို့လိုမယ် UEC က အခုချိန်ထိ ဘာမှမဆွေးနွေးဘူးဆိုရင်တော့ အခြေအနေကသိပ်တော့ မကောင်းဘူး”ဟု ဒေါက်တာ M ကောန်လက ပြောသည်။

ထို့အပြင် အစိုးရအနေဖြင့် လူငါးဦးထက်ပိုမစုရန်၊ လူစုလူ ဝေးမပြုလုပ်ရန်စသည့် တားမြစ် ကန့်သတ်ချက်များ ထုတ်ပြန်ထားပြီး ယင်းကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီများအနေဖြင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခြင်းနှင့် ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း စသည့် အခွင့်အရေးများ ဆုံးရှုံးနေပြီး ဤဆုံးရှုံးနေသည့် အခွင့်အရေးများအတွက် UEC အနေဖြင့် လွတ်လပ်သည့် အနေအထားကို စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပြီး လက်ရှိအချိန်ထိ ဆွေးနွေးမှုမရှိသော ကြောင့် UEC နှင့် အာဏာရပါတီအပေါ် မေးခွန်းထုတ်စရာများ ရှိနေကြောင်း ဒေါက်တာ Mကောန်လက ထည့်သွင်းပြောဆိုခဲ့သည်။

ကိုဗစ်နိုင်တင်းကာလ ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်ချက် ဘောင်အတွင်း မဲဆန္ဒရှင်များ မဲစာရင်းကောက်ယူခြင်းနှင့် မဲစာရင်းကြည့်ရှုခွင့်၊ မဲပေးသည့်ကဏ္ဍများနှင့် ပတ်သက်၍ UEC အနေဖြင့် နိုင်ငံရေးပါတီများနှင့် ညှိုနှိုင်းဆွေးနွေးမှုများရှိသင့်ကြောင့် လီဆူအမျိုးသားတိုး တက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ယခုကဲ့သို့ ဆိုသည်။

“ကျွန်တော်တို့က ကိုဗစ်ကို ကျော်လွှာနိုင်မလား။ အကယ်၍ မကျော်လွှာနိုင်ဘူးဆိုရင် မဲစာရင်း ဘယ်လိုကောက်ယူမလဲ။ မဲစာရင်းကြည့်ရှုမှုနဲ့ မဲပေးတဲ့ကဏ္ဍတွေကို ဘယ်လိုလုပ်မလဲ၊ ခါတိုင်းမှာဆိုရင် မဲရုံတစ်ရုံမှာ လူသုံးထောင်လောက်ရှိတယ်၊ ဒါပေမယ့် ကိုဗစ်ကာလဆိုတော့ Social Distance တစ်ခုခုတော့ သတ်မှတ်ရမယ် အ့လိုအကွာ အဝေးသတ်မှတ်လိုက်ရင် မဲပေးတဲ့အခါမှာ ခါတိုင်းထက် မဲရုံတွေပိုလိုလာမယ်။ ဒါတွေကို အစိုးရကခုကတည်းပြင်ဆင်ရမယ် အထူးသဖြင့်တော့ နိုင်ငံရေးပါတီတွေကို ခေါ်ယူတွေ့ဆုံပြီးတော့ ဆွေးနွေးမှုတွေပြုလုပ်ရမယ်။ အမြန်ဆုံတွေ့ဆုံသင့်တယ်”ဟု ဦးရွှေမင်းက ပြောသည်။

ဤကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲကျင်းပမည်ဆိုပါက လက်ရှိအာဏာပါတီနှင့်တန်းတူ အခြားပါတီများ အတွက်ပါ လွတ်လပ်သည့်အခွင့်အရေး သာတူညီမျှသည့် အခွင့်အရေးများရှိ သင့်ကြောင့်ကိုလည်း ဦးရွှေမင်းက ထည့်သွင်းပြောဆိုခဲ့သည်။

အလားတူ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ခမ်းကလည်း “ဒီကိုဗစ်နိုင်တင်း ကိုရိုနာဗိုင်းရပ်စ်ဟာ မပျောက်ပဲနဲ့ ဆက်လက်ဖြစ်နေမယ်ဆိုရင်တော့ မဲဆွယ်စည်းရုံတဲ့ ကာလမှာ မဲဆွယ်စည်းရုံတဲ့ ပုံစံက ဘယ်လိုဖြစ်မလဲဆိုတာ စိုးရိမ်စရာဖြစ်လာမယ်။ စိုးရိမ်ရတာကလည်း ကျန်းမာရေးအရ ပေါ့နော် ဒီငါးဦးထက်ပိုမစုရဆိုတဲ့ဟာတွေ ဆယ်ဦးထက် မစုရဆိုတဲ့ ပုံစံမျိုးတွေ အမျိုးမျိုးဖြစ်လာမှာ ဆိုးလို့ အဲ့ဒီဟာပဲစိုးရိမ်တယ်” ဟု ဆိုသည်။

ကချင်ပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီ အချို့ အနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် စာရင်းပြုစုခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပြီး အများအားဖြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဇူလှိုင်လအတွင်း ကြေငြာဖို့ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။