Trending Now

အလုပ်ထုတ်ခံရသည့် အလုပ်သမားများအား အလုပ်ပြန်လည်ခန့် ထားပေးရန် GEG အထည်ချုပ်စက်ရုံအလုပ်သမားများ တောင်းဆိုမှု အောင်မြင်စွာပြီးဆုံး

Spread the love

အလုပ်ထုတ်ခံရသည့် အလုပ်သမားများအား အလုပ်ပြန်လည်ခန့် ထားပေးရန် GEG အထည်ချုပ်စက်ရုံအလုပ်သမားများ တောင်းဆိုမှု အောင်မြင်စွာပြီးဆုံး

EPN
ရန်ကုန်၊ မတ်လ ၂၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံစက်မှုဇုန် ကနောင်မင်းသားကြီးလမ်း ပေါ် ရှိ General Enterprises Garment အထည်ချုပ်စက်ရုံရှေ့တွင် အလုပ်ထုတ်ခံရသည့် အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထား ပေးရန် အဆိုပါစက်ရုံမှ အလုပ်သမားအင်အား နှစ်ထောင်ခန့်က ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြရာ ယနေ့ညနေပိုင်း တွင် အလုပ်ရှင်ဘက်မှ သဘောတူညီချက်ရရှိခဲ့ကြောင်း ဆန္ဒဖော် ထုတ်ရာတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးထံမှ သိရသည်။

“ဆန္ဒပြတောင်းဆိုတာဟုတ်ပါတယ်။ ကျွန်မတို့မှာလည်း အခုလိုမျိုး ကိုယ့်နိုင်ငံမှာ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်မှာ အခုလို လူစုလူဝေးလုပ်ပြီး တောင်းဆိုတာမျိုးမလုပ်ချင်ပေမယ့် အလုပ်လုပ်နေရမှ စားဝတ်နေရေး အဆင်ပြေမှာလေ။ အခုက လုပ်နေတဲ့အလုပ် ရပ်နားလိုက်မယ်ဆိုတော့ စားဖို့တောင် အဆင်မပြေတော့ဘူး။ အခုလိုအလုပ်ပြန်ခန့်ပေးမယ်ဆို တော့ အရမ်းကိုဝမ်းသာတာ ပြောမပြတတ်တော့ဘူး” ဟု အလုပ်သမား တစ်ဦးကဆိုသည်။

အဆိုပါစက်ရုံ၌ ကုန်ချောမှာယူမှု ကျဆင်းနေသည့်အကြောင်းပြချက်ဖြင့် လုပ်သက်တစ်နှစ်အောက် အပါအဝင် ခြောက်လအောက် ဝန်ထမ်း အားလုံးကို လူအင်အားလျော့ချမည်ဖြစ်သည့်အတွက် လုပ်သက် ၆ လမပြည့်သေးသည့် အလုပ်သမားများနှင့် တစ်နှစ်အောက် အလုပ်သမား များကို ယခုလကုန်မှစတင်၍ အလုပ်မှရပ်နားမည်ဟု အလုပ်ရှင်မှ ပြောကြားချက်ကို မကျေနပ်သည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို GEG အလုပ်သမားနှစ်ထောင်ကျော်ခန့်မှ အဆိုပါစက်ရုံရှေ့တွင် စုဝေးလျှက် အလုပ်ထုတ်ခံရသည့် အလုပ်သမား များကို အလုပ်ပြန်ခန့်အပ်ပေးရေး၊ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်ငွေများ ရရှိရေး အပါအဝင် အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြရာ ညနေ ၃နာရီခန့်တွင် အလုပ်သမားကိုယ်စားလှယ်၊ စက်ရုံတာဝန်ရှိသူများနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့၏ ဆွေးနွေးညှိနှိုင်းမှုအရ အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထားရေးအတွက် အလုပ်ရှင် နှင့်သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

မေနဒီမြနွယ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။