Trending Now

အသစ်ဆောက်လုပ်နေသည့် ခေါင်းဖူးတံတားအတွက် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီးသီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း မိသားစုမှ ငွေကျပ် သိန်း (၂၀၀) လှူဒါန်း

Spread the love

အသစ်ဆောက်လုပ်နေသည့် ခေါင်းဖူးတံတားအတွက် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီးသီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း မိသားစုမှ ငွေကျပ် သိန်း (၂၀၀) လှူဒါန်း

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၀ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ခေါင်ဖူးကျေးရွာနှင့် တာလောကြီးကျေးရွာကို သွားလာနိုင်ရန် အသစ်ဆောက်လုပ်လျှက်ရှိသည့် ခေါင်းဖူးတံတားအတွက် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီးသီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း မိသားစုမှ ငွေကျပ် သိန်း (၂၀၀) ကို ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) က လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါတံတားကို (၂၀၂၃)ခုနှစ်မှ စတင်ကာ (၅)နှစ်စီမံကိန်းချမှတ်လျှက် အလှူငွေများ ကောက်ခံ၍ ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကာ လက်ရှိ (၂၀၂၄)ခုနှစ်တွင် တံတားကြီး၏ အောက်ခြေတိုင် (၂၈)လုံးအနက် (၂၀)လုံးကို စိုက်ထူသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်လှူဒါန်းပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ခေါင်ဖူးဘုရားတံတားဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒီနေ့မှာတော့ ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီးသီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း မိသားစုမှ ငွေကျပ် သိန်း (၂၀၀) ကို လှူဒါန်းပေးခဲ့တယ်။ ဒီအတွက်လဲ ကျွန်တော်တို့ ရပ်မိရပ်ဖတွေအနေနဲ့ အများကြီး ဝမ်းသာပျော်ရွင်မိပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ မနှစ်ကစပြီးဆောက်လုပ်နေတာ။ တိုင်လုံးစုစုပေါင်း (၂၈)လုံးမှာ (၂၀)လုံး စိုက်ထူနိုင်ဖို့ပြင်ဆင်နေတယ်။ ဒီဘက်မှတော့ ပေ (၂၄၀) ကို ပျဉ်ခင်းတော့ ပြီးထားတယ်။ လက်ရှိမှာတော့ အလှူငွေရရင် ရသလို တံတားကြီးကို အမြန်ဆုံး ပြီးစီးနိုင်အောင်ဆောင်ရွက်နေတယ် ” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ခေါင်ဖူးဘုရားသို့ အလွယ်တကူလာရောက်ဖူးမျှော် နိုင်စေရန်၊ ခေါင်ဖူးဒေသဖွံ့ဖြိုးတိုးတက် လာစေရန်၊ ခရီးသွားလုပ်ငန်းများဖြစ်ထွန်း လာစေရန်နှင့် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များတွင် အဆင်ပြေစေရန် ရည်ရွယ်ကာ ဆောက်လုပ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ခေါင်ဖူးကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

“ တံတားက ခေါင်ဖူးနဲ့ တာလောကြီးကိုဆက်ထားတဲ့ တံတားတည်ဆောက်သွားမှာဖြစ်တယ်။ ခေါင်ဖူးဘုရားရဲ့ အနားမှာ ဆောက်လုပ်မှာဖြစ်တော့ ကချင်ပြည်နယ်ထဲက တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ ခေါင်ဖူးဘုရားကိုလဲ လူအများ အလွယ်တကူ သွားလာလို့ရမယ်။ အဲ့လိုသွားလာလို့ရရင်လဲ ခရီးသွားလုပ်ငန်းတွေ တိုးတက်လာမယ်။ ခေါင်ဖူးဒေသရဲ့ အဓိက လမ်းပန်းဆက်သွယ်ရေး တံတားဖြစ်လာမယ်ဆိုတော့ ဒေသဖွံ့ဖြိုးတိုးတက်လာမယ်။ ခေါင်းဖူးက ကျောင်းသားတွေလည်း တာလောဘက်မှာ ကျောင်းလာတက်မယ်ဆိုရင် ဒီတံတားရှိတော့ ပိုပြီးအဆင်ပြေလာမယ်။ ကျန်းမာရေးဘက်မှာဆိုလဲ ဆေးရုံတက်ရောက်ရမယ်ဆိုရင် နေ့ညမရွေး တံတားကို အသုံးပြုပြီး အဆင်ပြေချော့မွေ့စွာသွားလာလို့ရမယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ တံတားကို ၂၀၁၄ ခုနှစ်ခန့်ကစတင်ကာ ယနေ့အချိန်ထိ ကချင်ပြည်နယ် အစိုးရထံ တင်ပြတောင်းခံခဲ့သော်လည်း တံတားဆောက်လုပ်ရန် ရံပုံငွေ မရှိခဲ့သည့်အတွက် တာလောကြီးဒေသအနီးရှိ ကျေးရွာများမှ ဒေသခံများ၊ အလှူရှင်များ၏ အလှူငွေဖြင့် စုပေါင်းကာ ကိုယ်ထူကိုယ်ထ တည်ဆောက်နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါ တံတားသည် ခေါင်ဖူးကျေးရွာ (ရွာသစ်)၊ ဦးလောက်ကျေးရွာ နှင့် တစ်ဖက်တွင် တာလောကျေးရွာသို့ ဆက်သွယ်ထားကာ သံကူကွန်ကရစ်ပုံစံတည်ဆောက်သွားမည်ဖြစ်ပြီး၊ အရှည် (၁၁၂၀)ပေနှင့် အကျယ် (၁၂)ပေ ရှိမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ခေါင်ဖူးကျေးရွာမှ တာလောကြီးကျေးရွာသို့သွားရန် ဝါးတံတားကို ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ပြီး၊ နှစ်စဉ်ရေတက်ချိန်တွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သောကြောင့် တံတားသစ်ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ယင်းတံတားဖြစ်မြောက်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ပါဝင်လှူဒါန်းလိုပါက ဖုန်း – ၀၉၂၄၀၀၄၈၁ ကိုဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဗညားနွဲ့

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။