Trending Now

ပူတာအိုမြို့တွင် ရောဂါဖြင့် သေဆုံးမှု ရှိနေသည့် အိမ်မွေးဝက်များ ရောင်းချမှုဖြစ်ပေါ်နေသည့်အပေါ် ဒေသခံများ စိုးရိမ်နေ

Spread the love

ပူတာအိုမြို့တွင် ရောဂါဖြင့် သေဆုံးမှု ရှိနေသည့် အိမ်မွေးဝက်များ ရောင်းချမှုဖြစ်ပေါ်နေသည့်အပေါ် ဒေသခံများ စိုးရိမ်နေ

EPN
မြစ်ကြီးနား ၊ သြဂုတ် ၅

ပူတာအိုမြို့တွင် ယခုရက်ပိုင်းအတွင်း အိမ်မွေးဝက်များ ရောဂါဖြင့် သေဆုံးမှု ဖြစ်ပေါ်နေသော်လည်း မြုပ်နှံခြင်းမရှိပဲ အသေကောင်များကို ရောင်းချနေကြသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုရှိနေကြကြောင်း သိရသည်။

“စီးပွားရေးသမားတချို့က ဝက်အသေကောင်တွေကို မမြုပ်ပဲ သူတို့ဆီရောင်းဖို့ ပြောနေတာတွေရှိတယ် ပိုင်ရှင်လည်း မြုပ်ရမှာ နှမျောတော့ ရသလောက်နဲ့ ရောင်းတဲ့ပုံစံမျိုးဖြစ်နေတယ် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒါတွေကို ကြပ်မတ်ဖို့ လိုအပ်တယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရောဂါဖြင့် သေဆုံးသွားသည့် အိမ်မွေးဝက်အသေကောင် ဝယ်ယူသည့် စီးပွားရေးသမားအချို့မှာ ပူတာအိုရှိ ဈေးများတွင် ပြန်လည် ရောင်းချမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမှာက အဲ့လိုမျိုး ဝက်အသေကောင်တွေရဲ့ အသားကိုဈေးမှာ ရောင်းပေးနေတာက အရမ်းတောင်ကြာနေပြီ၊ တရိစ္ဆာန်တွေရောဂါစဖြစ်တာဆိုရင် ၆ လပိုင်းကတည်းကဖြစ်နေတာ ၊အဲ့ကတည်းကအခုလိုမျိုး ရောင်းနေကြတာပဲ၊တစ်ချို့ကကြတော့ ဝက်ကျန်းမာရေးမကောင်းတော့ဘူးဆို သတ်လိုက်တယ် အဲ့အသားကိုပြန်ရောင်းတာမျိုးလုပ်ကြတယ်၊ တစ်ချို့ကကြတော့ သေတာနဲ့ချက်ချင်းရောင်းကြတာပဲ၊ ဝယ်တဲ့သူတွေကလည်း သေပြီးသားဆိုလည်းဝယ်ပြီးဈေးထဲပြန်ရောင်းကြတာ၊ ရပ်ကွက်တိုင်းလိုမှာပဲ အဲ့လိုမျိုးလုပ်ကြတာ”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရောဂါဖြစ် သေဆုံးသွားသည့် ဝက်များအား ပူတာအိုမြို့ရှိ နေ့ခင်းဈေး၊ မနက်ဈေးများတွင် ပြန်လည်ရောင်းချနေကြခြင်းဖြစ်ပြီး ဝယ်ယူစားသုံးမိသည့် သက်ကြီးရွယ်အိုများနှင့် ကလေးများတွင် ဝမ်းလျှောခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပူတာအိုမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဒေသခံတစ်ချို့၏ အိမ်မွေးနွားအချို့ မကြုံဖူးသည့် အရေပြားရောဂါများဖြစ်ပွားခဲ့သည့်အတွက် သေဆုံးမှုများရှိခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့မှ အမဲသားရောင်းချခြင်းမပြုရန် ထုတ်ပြန်တားမြစ်ခဲ့ရကြောင်း သိရသည်။

ယခုအခါတွင် အိမ်မွေးဝက်တချို့ ရောဂါဖြစ် သေဆုံးမှု ရှိနေသော်လည်း ရောင်းချနေကြသည့်အပေါ် တာမြစ်ပေးရန် ဒေသခံများအနေဖြင့် လိုလားနေကြကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။