Trending Now

ရှင်ဗွေယန်-မြစ်ကြီးနား သွားလမ်းတွင် လိုင်စင်မဲ့ကားများ စစ်ဆေးဖမ်းဆီးမှုများရှိသည့်အတွက် ခရီးသည်များ အခက်တွေ့

Spread the love

ရှင်ဗွေယန်-မြစ်ကြီးနား သွားလမ်းတွင် လိုင်စင်မဲ့ကားများ စစ်ဆေးဖမ်းဆီးမှုများရှိသည့်အတွက် ခရီးသည်များ အခက်တွေ့

EPN
မြစ်ကြီးနား၊ ဇွန် ၁၆

ကချင်ပြည်နယ်၊ ရှင်ဗွေယန်-မြစ်ကြီးနား သွားလမ်းတွင် လိုင်စင်မဲ့ကားများကို စစ်ဆေးဖမ်းဆီးမှုများရှိသည့် အတွက် ခရီးသည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

ရှင်ဗွေယန်မှ မြစ်ကြီးနားဘက်သွားသည့်ကားများကို တနိုင်းမြို့အဝင်ဂိတ်၊ နာမ်ဆက်ဂိတ်၊ ဒိန်ကောက်ဂိတ်များတွင် စစ်ဆေးဖမ်းဆီးနေသည့်အတွက် ညအိပ်ရသည့် အခြေနေထိရှိလာပြီး လိုက်ပါလာသည့် ခရီးသည်များနှင့် အချိန်မီပို့ဆောင်ရသည့် ပစ္စည်းများအတွက် အခက်အခဲများ ရှိနေကြောင်း ကားသမားတစ်ဦးက ပြောသည်။

” ကျွန်တော်တို့ ရှင်ဗွေယန်ကနေထွက်ခဲ့တာဆိုရင် ဇွန်လ ၁၄ ရက်ကတည်းကထွက်ခဲ့တာ။ အခုထိမြစ်ကြီးနားကို မရောက်နိုင်သေးဘူး။ ဂိတ်တွေမှာစစ်တဲ့ခါကျရင် ညအိပ်ရတာမျိုးတွေရှိတယ်။ ဖမ်းတာက လိုင်စင်မဲ့ကားတွေကို ဖမ်းတာဟုတ်တယ်။ အခုအများစု ဒီဘက်သွားနေကြတဲ့ လိုင်းကားတွေက လိုင်စင်ပါတာနည်းတယ်လေ။ ဒါကြောင့် အခုလိုတွေ ဖမ်းတော့ ပါလာတဲ့ခရီးသည်တွေနဲ့ အချိန်မီပို့ပေးရမယ့် ပစ္စည်းတွေအတွက်က အခက်တွေ့နေရတာ ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ခရီးသည်ကားများကို ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် ခရီးသည်များ ရက်ချိန်ပြီး ထွက်လာရ သော်လည်း မိမိသက်ဆိုင်ရာ လုပ်ငန်းများနှင့် လွဲချော်မှုများရှိခြင်း၊ ရှင်ဗွေယန်မှ မြစ်ကြီးနားသို့ အချိန်မီပို့ရမည့် ပစ္စည်းများ အချိန်နောက်ကျပြီး ပျက်စီးမှုများရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသည်တစ်ဦးကပြောသည်။

” ကျွန်မတို့လည်း မြစ်ကြီးနားကို အလုပ်ကိစ္စနဲ့ ရက်ချိန်းပြီးသွားခဲ့တာ။ အခုတော့ လွဲကုန်ပြီ။ အလုပ်တွေလည်း နောက်ကျကုန်ပြီ။ အခုဆို ရှင်ဗွေယန်ကနေ မြစ်ကြီးနားကိုသွားတာ သုံးရက်တောင်ရှိပြီ။ အခုထိမြစ်ကြီးနားကို မရောက်နိုင်သေးဘူး။ ဟိုဘက်က ကျွန်မကိုအားကိုးပြီး ပို့လိုက်တဲ့ပစ္စည်းတွေကလည်း ကြာကြာထားလို့မရတဲ့ ပစ္စည်းတွေပါလာတော့ ပိုင်ရှင်ဆီကိုတောင်မရောက်သေးဘူး။ လမ်းမှာပဲ ပျက်စီးကုန်ပြီ ” ဟု ၎င်းကဆိုသည်။

မြစ်ကြီးနား- တနိုင်း-ရှင်ဗွေယန်သို့ ဆီများသယ်ဆောင်သည့် တရားမဝင်ကားများကို ပြီးခဲ့သည့် မေလကတည်း ကဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ယခုအခါတွင် လိုင်စင်မဲ့ ကားများကိုပါ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။