Trending Now

မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ် အခိုးခံရမှု ဆက်တိုက်ဖြစ်နေ

Spread the love

မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ကယ် အခိုးခံရမှု ဆက်တိုက်ဖြစ်နေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ် အခိုးခံရမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း ဆိုင်ကယ်ပိုင်ရှင်များထံက သိရသည်။

ယခုလ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် နေထိုင်သူ တစ်ဦးသည် စံပြလမ်းပေါ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ဖုန်းငွေဖြည့်ကတ် ဝင်ဝယ်ပြီး ပြန်အထွက်တွင် ၎င်း ၏ ဆိုင်ကယ် မရှိတော့ပဲ အခိုးခံလိုက်ရကြောင်း EPN သတင်းဌာန သို့ ဆက်သွယ် ပြောပြလာသည်။

“နေ့လယ်ပိုင်းလောက်က အခိုးခံရတာ၊ကုန်စုံဆိုင်မှာ ဖုန်းဘီလ်ကတ် ဝင်ဝယ်ပြီး အထွက် ဘာမှ မကြာလိုက်တဲ့ ခဏလေးအတွင်းမှာ ဆိုင်ကယ်က ပျောက်သွားပြီ၊ ဇက်သော့လဲ ခတ်ထားတယ်၊ အဲဒီဆိုင်မှာက CCTV မရှိ၊ အနီးနားမှာလဲ CCTV မရှိဘူးဆိုတော့ ဘယ်သူယူသွားလဲ ဆိုတာ လက်စလက်န တစ်ခါတည်း ပျောက်ရော၊ ရဲတော့ မတိုင်ဖြစ်ပါဘူး၊ ပထမတစ်ကြိမ်ပျောက်တုန်းကလဲ ရဲတိုင်သေးတယ် ဒါပေမယ့် သူခိုးကို မမိလို့ထင်တယ် အခုထိ ပြန်မရပါဘူး၊ ဒါကြောင့် မတိုင်တော့ဘူး၊ နောက်တစ်ခါ မပျောက်အောင်ပဲ ဂရုစိုက်တော့မယ်”ဟု တပ်ကုန်းရပ်ကွက်နေ ကိုဇော်ဂျာက ပြောပြသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ အရက်ဆိုင် တစ်ဆိုင် အရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် တစ်စီး အခိုးခံရသည်ဟု ဆိုင်ကယ်ပိုင်ရှင်က ယခုကဲ့သို့ ပြောပြသည်။

“အဲဒီဆိုင်မှာလဲ အခုလို ဆိုင်ကယ် မကြာခဏ ပျောက်တတ်လို့ဆိုပြီး၊ ဆိုင်‌ရှေ့မှာ “သတိ ဆိုင်ကယ်သူခိုးရှိသည် ဇက်သော့ခတ်ပါ” လို့ ရေးပြီး သတိပေးထားတယ်၊ ဆိုင်ကလဲ ဝန်ထမ်း တစ်ယောက်က အမြဲ စောင့်ကြည့်ပေးနေတယ်၊ ကိုယ့်လဲ ဆိုင်ကယ်ရပ်ရင် ဇက်သော့အမြဲခတ်တယ်၊ ပြီးတော့ ဆိုင်ကယ်ဘက်ကိုလဲ မကြာခဏ ဂရုတစိုက် လှမ်းလှမ်းကြည့်တယ်၊ ပျောက်တဲ့နေ့လဲ ဆိုင်ကယ်ကို လှမ်းလှမ်းကြည့်နေရင်းနဲ့ကို ပျောက်သွားတာ၊ သူခိုးက လူအလစ်ဝင်ခိုးသွားတာ၊ ကံဆိုးတဲ့နေ့ပါဗျာ” ဟု ဆိုင်ကယ် ပျောက်ခဲ့သည့် ကိုထက်ဦး က ဆိုသည်။

ထို့အပြင် ယခုလအတွင်းတွင် ကုန်စိမ်းသည်အဒေါ်ကြီး တစ်ဦးသည်လည်း မြစ်ကြီးနား မိုးမလင်းဈေးတွင် ကုန်စိမ်းဝယ်ယူနေစဉ် ဆိုင်ကယ်ပေါ်တင်ထား ကုန်စိမ်းခြင်း တစ်ခြင်းနှင့်အတူ ဆိုင်ကယ်ပါ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ရော ကုန်စိမ်းခြင်းပါ အခိုးခံရတာ၊ အဲဒီနေ့က ဈေးတောင်ထွက်မရောင်းနိုင်တော့ဘူး၊ ဒီဆိုင်ကယ်လေးနဲ့ လုပ်စားနေရာတာ၊ ဆိုင်ကယ်ပျောက်သွားတော့ တော်တော်လေး အခက်အခဲ ဖြစ်သွားတယ်၊ အခုလဲ ရှိစုမက်စုလေးနဲ့ လိုတာ နေ့ပြန်တိုး ယူပြီး ပြန်ဝယ်ထားတယ်၊ အခုတော့ ဆိုင်ကယ်ရပ်ရင် သံကြိုးပတ်ပြီး သော့နဲ့ ခတ်ထားရတယ်၊ အခုအချိန်က ဆိုင်ကယ် တစ်စီး ပြန်ဝယ်ဖို့ မလွယ်ဘူးလေ။”ဟု ယင်းကုန်စိမ်းသည် အဒေါ်ကြီးက ပြောပြသည်။

မြစ်ကြီးနားမြို့တွင် ယခုကဲ့သို့ လမ်းဘေး၊ ဆိုင်အရှေ့ ရပ်ထားသည့် ဆိုင်ကယ်များ အခိုးခံရမှုများအပြင် နေအိမ်ခြံဝင်း အတွင်း ရပ်ထားသည့် ဆိုင်ကယ်များပါ အခိုးခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဆိုင်ကယ် ပျောက်ဆုံးသူ အများစုမှာ ရဲစခန်း၌ တိုင်ချက်ဖွင့်သော်လည်း ဆိုင်ကယ်ပြန်ရသည့်သူ အလွန်နည်းပါကြောင်း ဆိုင်ကယ်ပျောက်ဆုံးခဲ့ဖူးသူများထံက စုံစမ်း သိရသည်။

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ခိုးသူ အများစုမှာ စားဝတ်နေရေ မပြေလည်၍ ခိုးယူကြသူများထက် မူးယစ်ဆေးစွဲနေကြသည့် လူငယ်၊ လူရွယ်က ၎င်းတို့ ဆေးသုံးရန်အတွက် ငွေရပေါက်လွယ်သော ဆိုင်ကယ်နှင့် အခြားပစ္စည်းများကို ခိုးယူရောင်းချကြသည်က ပိုများသည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

မြစ်ကြီးနားမြို့တွင် ယင်းကဲ့သို့ လမ်းဘေး၊ ဆိုင်များအရှေ့၊ နေအိမ်ခြံဝင်းအတွင်း ဆိုင်ကယ် အခိုးခံရသည့် ဖြစ်ရပ်များအပြင် လူရှင်းလူပြတ်သည့် လမ်း၊ မှောင်ရိပ်ကျသည့် လမ်းအချို့တွင် ဆိုင်ကယ်စီးလာသူများကို ဖုန်း၊ ပိုက်ဆံအိတ်၊ လုယက်မှု၊ ဆိုင်ကယ် လုယူခံရမှု၊ လူကိုပင် ရိုက်နှက် လုယက်မှု စသည့် သတင်းများလည်း မကြာခဏ ကြားသိနေရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။