Trending Now

ဧရာဝတီတိုင်းဒေသကြီးတွင် စပါးရိတ်ခြွေခ နှုန်းထားများ ဈေးမြင့်တက်မှုကြောင့် တောင်သူများ အခက်တွေ့

Spread the love

ဧရာဝတီတိုင်းဒေသကြီးတွင် စပါးရိတ်ခြွေခ နှုန်းထားများ ဈေးမြင့်တက်မှုကြောင့် တောင်သူများ အခက်တွေ့

EPN
ဧရာဝတီ၊ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် မိုးစပါးများရိတ်သိမ်း နေသည့် ဒီဇင်ဘာလတွင် စပါးရိတ်ခြွေခနှုန်းထားများ အဆမတန် ဈေးမြင့်တက်လာခြင်းကြောင့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံ တောင်သူများထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်က တစ်ဧကလျှင် စပါးရိတ်ခြွေခအနေဖြင့် ငွေကျပ် လေးသောင်းခန့်သာရှိခဲ့ပြီး ယခုနှစ် တွင် စပါးတစ်ဧကလျှင် ရိတ်ခြွေခအနေဖြင့် ငွေကျပ် တစ်သိန်းမှ တစ်သိန်းခွဲအထိ ဈေးတက်လာကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။

” စပါး တစ်ဧက ရိတ်သိမ်းခက လောလောဆယ် တစ်သိန်းပေါက်နေတယ်၊ ထပ်တက်လာ ဖို့ပဲရှိတယ်၊ ဆီဈေးကျရင်တော့ သူကျပေးမယ်၊ ဆီဈေးတွေ တက်နေတော့သူတို့လည်း လျော့ပေးလို့ မရဘူးလို့ ပြောတယ်၊ အခု စက်သုံးဆီစျေးကတက်လာတယ်၊ တစ်ပေပါကို ၁၁ သိန်းခွဲ ကျော်ဈေး အထိပြန်တက်လာတယ်၊ အစစ အရာရာဈေး ကလည်းတက်နေတာ၊ ရိတ်သိမ်းချိန်လည်းတက် ၊စိုက်ပျိုးချိန်လည်းတက် ဆိုတော့ လယ်လုပ်ရတာ စိတ်ကုန်လာတယ်၊ ဈေးတောင်းလျော့တာမရ ၊ အချိန်မီမရိတ်နိုင်ရင် ကြွေကုန်မှာ၊ အချိန်အခါမဟုတ်မိုးမိမှာ၊ ကြွက်ကိုက်မှာ၊နောက်သီးနှံ ပြန်စိုက်ရင် နောက်ကျမှာစိုးတော့ တော်တော်အခက်အခဲရှိတယ် ” ၎င်းကပြောသည်။

တောင်သူများမှာ ယခုနှစ် မိုးစပါးစိုက်ပျိုးသည့်အချိန် ကစတင်၍ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှု ၊ဓာတ်မြေဩဇာဈေးမြင့်တက်မှုနှင့် အခြားလယ်ယာသုံးပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံခဲ့ရပြီး စပါးထွက်ရှိလာသည့် လက်ရှိအချိန်တွင်လည်း စပါးရိတ်ခြွေ စားရိတ်များ မြင့်တက်လာမှုဒဏ်ကို ခံနေရကြောင်း ဘိုကလေးမြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။

” အခု လယ်သမားတွေက ဘယ်လိုမှ အဆင်မပြေကြဘူး၊ အဆင်မပြေလဲလုပ်ရမှာပဲ၊ တောင်သူလယ်သမားဆိုတာ လယ်ပဲလုပ်စရာရှိတယ်လေ၊ စပါးစိုက်တုန်းကလည်း ဒီဇယ်တွေ ဆီတွေဈေးတက်လည်းလုပ်ရတာပဲ၊ လုပ်ရကိုင်ရတာလည်း ရတာနဲ့ ရင်းနှီးရတာနဲ့ မကိုက်ဘူး၊ ကိုယ့်အတွက်ကို မကျန်ဘူး၊ တစ်ရာသီနဲ့ တစ်ရာသီ ပိုပို ကြပ်လာတယ် ” ဟု ၎င်းက ထပ်မံပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် မိုးစပါးစိုက်ပျိုးသည့် အချိန်က လုံခြုံရေးအခြေအနေများကြောင့် လယ်ကွင်း ထွက်အလုပ် မလုပ်နိုင်ခဲ့ခြင်း၊ စပါး စတင်စိုက်ပျိုးသည့်အချိန် ဓာတ်မြေဩဇာများကို မြေခံအဖြစ်အသုံးမပြုနိုင်ခြင်း၊ အပင်များ သန်မာလာသည့်အရွယ်တွင် ဓာတ်မြေဩဇာနှင့် အပင်အားဆေးများ အပြည့်အဝ မသုံးစွဲခဲ့ရခြင်းကြောင့် ယခုနှစ် စပါးအထွက်လျော့ကျနေကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။