Trending Now

ရှဒူဇွပ်ကျေးရွာအနီး အမျိုးသမီးသုံးဦး မိုင်းနှင်းမိရာမှ တစ်ဦး ပွဲချင်းပြီးသေဆုံး

Spread the love

ရှဒူဇွပ်ကျေးရွာအနီး အမျိုးသမီးသုံးဦး မိုင်းနှင်းမိရာမှ တစ်ဦး ပွဲချင်းပြီးသေဆုံး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူဇွပ်ကျေးရွာအနီး လီဒိုလမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲခန့်၊ အချိန်က အမျိုးသမီးသုံးဦး မိုင်းနင်းမိရာမှ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမျိုးသမီးသုံးဦးမှာ ရှဒူဇွပ်ကျေးရွာမှ ရွှေမှော်လုပ်ကွက်သို့ သွားရောက်ရန် လီဒိုလမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ထောင်ထားမိုင်းအားထိမိရာမှ မိုင်းပေါက်ကွဲပြီး တစ်ဦးနေရာမှပင် သေဆုံးသွားခဲ့ကြောင်း ရှဒူဇွပ်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောပြသည်။

“သူတို့က နေ့တိုင်းပဲ ရွှေမှော်ထဲ သွားကြတယ်၊ ဒီနေ့က သူတို့သားမိတွေက ဆိုင်ကယ်နဲ့ သွားကြတာ၊ ဘယ်ကနေ ဖြစ်တာလဲတော့မသိဘူး၊ ဆိုင်ကယ်နောက်ဆုံးမှာ ထိုင်တဲ့ သမီးဖြစ်သူက သေဆုံးသွားခဲ့တယ်၊ အမေဖြစ်သူနဲ့ ရှေ့ကဆိုင်ကယ်မောင်းသူကတော့ ခြေထောက်နဲ့ လက်မှာ နည်းနည်းထိသွားတယ်၊ ဒီနေ့ မြစ်ကြီးနား ဆေးရုံကြီးကို ပို့ကြမယ်ထင်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါသေဆုံးသူမှာ အသက် (၁၉)နှစ်အရွယ် မသဲနုဆိုသူဖြစ်ကာ မိခင်ဖြစ်သူ အသက် (၅၃) နှစ်အရွယ် ဒေါ်သန်းမြိုင်လှဆိုသူမှာ ခြေဖဝါးနှစ်ဖက်တွင် မိုင်းစထိ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းလဲတော့မသိဘူး၊ ကျနော်တို့ ဒီဘက်မှာ တိုက်ပွဲတွေကြောင့် မိုင်းထောင်ထားတယ်ဆိုတာတွေတော့ကြားရတယ်၊ အချို့နေရာမှာ သတိပေးစာတွေ ကပ်ထားတယ်၊ အချို့နေမှာက မကပ်ထားဘူး၊ ဒီတော့ ဒေသခံတွေက နွားကျောင်းတို့ တစ်နေရာသွားဖို့ဆို မသွားရဲကြဘူး၊ သတိထားသွားနေရတယ်၊အခုလိုဖြစ်တော့လဲ ထိခိုက်ရတာ ဒေသခံပြည်သူတွေပဲလေ ကြားကနေခံရတယ် စိတ်လဲမကောင်းဘူး” ဟု ရှဒူဇွပ် ကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ သေဆုံးသူကို ဇန်နဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းတွင် သင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရာရရှိသူ ဒေါ်သန်းမြိုင်လှဆိုသူကို ယနေ့ ဇန်နဝါရီလ(၁၃)ရက်နေ့က မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် ဇန်နဝါရီလ (၁၀) ရက်နေ့ ညနေ (၄) နာရီခွဲခန့်က ကလေးငယ် (၃)ဦး ဗုံးသီးဟောင်း (၁)လုံးကို ဆော့ကစားရာ ကျောက်ခဲ့နှင့် ထုမိပြီး ပေါက်ကွဲမှုဖြစ်ကာ ကလေး (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။