Trending Now

ကျောက်ဆည်-မင်းစု ဘူတာကြားတွင် မိုင်းများပေါက်ကွဲကာ ကုန်တင်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့

Spread the love

ကျောက်ဆည်-မင်းစု ဘူတာကြားတွင် မိုင်းများပေါက်ကွဲကာ ကုန်တင်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့

EPN
မန္တလေး၊ မတ် ၁၁ (၂၀၂၄)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ကျောက်ဆည်-မင်းစု ဘူတာကြားတွင် ယမန်နေ့ မတ် ၁၀ ရက်၊ နံနက်ပိုင်းက မိုင်းများပေါက်ကွဲမှု ဖြစ်ပွားကာ ကုန်တင်ရထားများ ကြန့်ကြာခဲ့ကြောင်း သိရသည်။

ယမန်နေ့၊ နံနက် ၈ နာရီ ၄၀ မိနစ်က ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ကျောက်ဆည်-မင်းစု ဘူတာကြား မိုင်တိုင်အမှတ် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြားရှိ တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားများပေါ်တွင် မိုင်းပေါက်ကွဲမှု များဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းများပေါက်ကွဲမှုကြောင့် အရှေ့ဘက်ခြမ်းရှိ (၇၅)ပေါင်သံလမ်းများ (၂)ပေခန့်စီပြတ်ထွက်ပြီး၊ ကွန်ကရစ်ဇလီဖားတုံးနှင့် သစ်သားဇလီဖားတုံးများပျက်စီးဆုံးရှုံးခဲ့ကာ ပေါက်ကွဲမှုမရှိသေးသည့် မိုင်း (၁)လုံးအား တွေ့ရှိခဲ့သဖြင့် မိုင်းရှင်းလင်းခြင်းနှင့် ရထားလမ်းပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်ရန် မင်းစု-ကျောက်ဆည် အစုန်/ အဆန်လမ်းပိုင်းများအား နံနက်၈ နာရီ ၅၀ မိ နစ်တွင် ယာယီပိတ်ခဲ့ရ၍ ကုန်တင်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့သည်။

ရထားလမ်းပိုင်းအား ယာယီပိတ်၍ မြန်မာ့မီးရထားမှ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသဖြင့် ကျောက်ဆည်-မင်းစု အဆန်လမ်းပိုင်းကို နေ့လည် ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းအား နေ့လည် ၃ နာရီ ၂၀ မိနစ်တို့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ လက်နက်ကိုင်အဖွဲ့ဝင်များသည် မြန်မာ့မီးရထား လမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၉)ကြိမ်၊ ဘူတာအဆောက်အဦးနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။