Trending Now

ဖားကန့်မြို့နယ်တွင် ၆၆ ကေဗွီဓာတ်အားလိုင်း လျှပ်စစ်မီး ပြန်လည်ရရှိ

Spread the love

ဖားကန့်မြို့နယ်တွင် ၆၆ ကေဗွီဓာတ်အားလိုင်း လျှပ်စစ်မီး ပြန်လည်ရရှိ

EPN
မြစ်ကြီးနား ၊ မတ် ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မတ်လ ၁၀ ရက်နေ့၊ ညနေ ၃ နာရီခန့်က ၆၆ ကေဗွီ ဓာတ်အားလိုင်း ကောင်းမွန်ပြီ ဖြစ်၍ လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ကာ ပြတ်တောက်နေသည့် မိုးကောင်း – ဖားကန့် ဓာတ်အားလိုင်းကို ပြုပြင်ရေးများဆောင်ရွက်လျက်ရှိရာ ယနေ့မှာတော့ လျှပ်စစ်မီး ပြန်လည်ရရှိပြီဖြစ်ကြောင်း ဖားကန့်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မတ်လ ပထမ အပတ်လောက်ကစပြီး ပြုပြင်ရေးတွေ အားလုံးဆောင်ရွက် ပြီးစီးခဲ့တယ်။ ဒါပေမယ့် ဖားကန့်မြို့နယ်အတွင်းက ထရန်စဖော်မာတွေမှာ ဓာတ်ကြိုး ခိုးခံရတာတွေရှိတော့ ဒါတွေ အရင်တပ်ဆင်ပြီးမှသာ မီးပေးနိုင်မှာ ဖြစ်တယ်။ ဒီနေ့မှာတော့ လျှပ်စစ်မီးပြန်လည် ရရှိခဲ့တာဖြစ်တယ် ” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၁၀)နာရီခန့်က နန့်တိမ်းဂိတ်အနီး လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ယင်းလက်နက်ကြီး ထိမှန်မှုကြောင့် မိုးကောင်း – ဖားကန့် ဓာတ်အားလိုင်းဖြစ်သည့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ပျက်သွားရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ရာခိုင်နှုန်းပြည့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားသည်မှာ ၁လကျော် ကြာပြီဖြစ်၍ လျှပ်စစ်ဓာတ်အား (မီး)လာသည်နှင့်တပြိုက်နက်တည်း ဓါတ်အားအပြည့်အဝသုံးစွဲခြင်းကို ရှောင်ရှားကြရန်နှင့် ထူးခြားဖြစ်စဥ် တစ်စုံတစ်ခု ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာသို့ ဆက်သွယ်ရန် ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သတိပေး ပြောကြားထားသည့်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။