Trending Now

ဖားကန့်မြို့နယ်တွင် အသက်(၁၅)နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်တစ်ဦးမှ အိမ်ရှင် မိသားစုကို အဆိပ်ခတ်လုပ်ကြံမှုဖြစ်ပွား

Spread the love

ဖားကန့်မြို့နယ်တွင် အသက်(၁၅)နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်တစ်ဦးမှ အိမ်ရှင် မိသားစုကို အဆိပ်ခတ်လုပ်ကြံမှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ရှန်ရပ်ကွက်တွင် အသက် (၁၅)နှစ်အရွယ် အိမ်အကူမိန်းကလေးငယ်တစ်ဦးမှ အိမ်ရှင်မိသားစုဝင် (၂)ဦးနှင့် အလုပ်သမား (၂)ဦးကို အဆိပ်ခတ်လုပ်ကြံခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖားကန့်ဒေသခံများထံမှသိရသည်။

မှော်ရှန်ရပ်ကွက် (၂)အတွင်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီလ (၁၁)ရက်နေ့က အိမ်ရှင်မိသားစုဝင် (၂)ဦး နှင့် အလုပ်သမား(၂)ဦး ပြင်းထန်သည့်အဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် နေအိမ်ရှိ CCTV များကို ယမန်နေ့ ဖေဖော်ဝါရီလ (၁၃)ရက်နေ့က စစ်ဆေးကြည့်ရာမှ အသက် (၁၅) နှစ်အရွယ် အိမ်အကူမိန်းကလေးငယ်မှ ကြွက်သတ်ဆေးများအသုံးပြုကာ ထမင်း၊ ဟင်းများနှင့်သောက်ရေအိုးများတွင် အဆိပ်ခတ်ကာ လုပ်ကြံခဲ့သည်ကို သိရှိခဲ့ရကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောပြသည်။

“အဲ့နေ့က တစ်အိမ်လုံး အစားမှားတယ်ထင်ခဲ့တာ၊ စစချင်းက အော့အန်တာလောက်ဖြစ်ပြီး ကြာလာတော့ ရင်ဘက်တွေအောင့်တာ၊ အသက်ရှူကြပ်တာ၊ အန်တာတွေကလည်းဆိုလာတော့ အမြန်ပဲ ဆေးရုံကြီးကိုပို့ရတယ်၊ အိမ်ရှင်ဦးလေးက အခြေအနေမဆိုးတော့ အိမ်ပြန်လာပြီး အမှိုက်ပုံတွေစစ်ဆေးကြည့်တာ၊ ကြွက်သတ်ဆေးအခွံတွေ တွေ့ခဲ့တယ်၊ CCTV ကြည့်လိုက်မှ အဲ့ကလေးက လုပ်တာသိရတယ်၊ သူ့ကိုစစ်တော့လည်း သူလုပ်တာဖြစ်တဲ့အကြောင်း ဝန်ခံခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မိန်းကလေးငယ်မှာ ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်မှာရောက်သည့် အသက် (၁၅)နှစ် အရွယ်ရှိ မနွယ်ဇင်ဦးဆိုသူဖြစ်ကာ ယင်းအိမ်တွင် အိမ်ကူအဖြစ်လုပ်ကိုင်သူမှာ (၁၃)ရက်ခန့်သာ ကြာမြင့်သေးကြောင်း သိရသည်။

“သူက ဖြူးမြို့နယ် ဘက်ကနေလာတာ၊ အလုပ်လေး လုပ်ချင်ပါတယ်ဆိုပြီး ဆိုင်ရောက်လာတာ၊ အသက်က ငယ်ငယ်လေးပဲရှိသေးတော့ သနားပြီး အိမ်မှာ လုပ်ကူဖို့ ခေါ်ထားတာ၊ သူပြောတာ ဖုန်းတွေ၊ ပိုက်ဆံတွေယူချင်လို့ လုပ်တယ်လို့ ပြောတယ်၊ အဆိပ်မိတဲ့ သူတွေကတော့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်” ဟု အဆိပ်မိသူ အိမ်ရှင်နှင့် မိသားစုဝင်တစ်ဦးကလည်း ကွန်ရက် လူမှုစာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ အဆိပ်ခတ်လုပ်ကြံမှုကြောင့် အိမ်ရှင် လင်မယား နှစ်ဦး နှင့် အလုပ်သမား နှစ်ဦးမှာ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျှက်ရှိပြီး ယင်းအဆိပ်ကြောင့် အိမ်တွင် မွေးမြူထားသည့် ခွေးသုံးကောင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အိမ်ရှင်မိသားစုမှ အိမ်အကူမိန်းကလေးအား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။