Trending Now

ယူကရိန်းကုန်တင်သင်္ဘောတွေကို ဟန့်တားဖို့အတွက် ရုရှားက ပင်လယ်နက်မှာ မိုင်းတွေအသုံးပြုနိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးသတိပေး

Spread the love

ယူကရိန်းကုန်တင်သင်္ဘောတွေကို ဟန့်တားဖို့အတွက် ရုရှားက ပင်လယ်နက်မှာ မိုင်းတွေအသုံးပြုနိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးသတိပေး

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၅

ယူကရိန်းဆိပ်ကမ်းတွေကို ချဉ်းကပ်မယ့် ကုန်တင်သင်္ဘောတွေနဲ့ ဘယ်လိုသင်္ဘောကိုမဆို ဟန့်တားနိုင်ဖို့အတွက် ရုရှားက ပင်လယ်နက်ထဲမှာ ရေမြုပ်မိုင်းတွေ အသုံးပြုနိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းပင်လယ်နက် ဆိပ်ကမ်းကိုဝင်ရောက်လာမယ့် ကုန်တင်သင်္ဘော ၁၂ စင်းဟာ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူကရိန်းရေတပ်က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်မှာ ယူကရိန်းကစပါးတင်ပို့နေတဲ့ အရပ်ဘက်သင်္ဘောတွေ သွားလာခြင်းကို ဟန့်တားဖို့အတွက် ရုရှားက ပင်လယ်နက်မိုင်းတွေ အသုံးပြုဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။

“ပင်လယ်နက်ထဲမှာ သွားလာနေတဲ့ အရပ်ဘက်သင်္ဘောတွေကို တိုက်ခိုက်မှုအတွက် ယူကရိန်းအပေါ် လွဲမှားစွာ အပြစ်တင်နေမယ့်အစား ရုရှားအနေနဲ့ အရပ်ဘက်သင်္ဘောတွေကို ဗြောင်နစ်မြုပ်ခြင်းကနေ ရှောင်ရှားဖို့ လိုအပ်ပါတယ်” လို့ နိုင်ငံခြားရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ယူကေက ဒီလိုဖြစ်ရပ်မျိုး မဖြစ်ပွားအောင် ဟန့်တားနိုင်ဖို့အတွက် ရုရှားရဲ့ နည်းဗျူဟာတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်” နိုင်ငံခြားရေးရုံးက ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ပင်လယ်နက်မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို ကမ္ဘာက စောင့်ကြည့်နေပြီး “ယူကရိန်းအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ ရက်စက်ယုတ်မာတဲ့ ကြိုးပမ်းမှုတွေဖြစ်တယ်” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်း ကလဲဗာက ပြောပါတယ်။

ယူကရိန်းနိုင်ငံက စားသောက်ကုန်တွေကို ပင်လယ်နက်ကတစ်ဆင့် ဘေးကင်းစွာတင်ပို့ခွင့်ပြုထားတဲ့ သဘောတူညီချက်ကနေ ရုရှားက ဇူလိုင်လအတွင်းမှာ နှုတ်ထွက်သွားခဲ့ပြီး ယူကရိန်းဆိပ်ကမ်းတွေကို သွားလာနေတဲ့ ဘယ်လိုသင်္ဘောမဆို စစ်ရေးအကူအညီပေးနေတဲ့ သင်္ဘောတွေအဖြစ် သတ်မှတ်ခံရနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

ရုရှားဟာ သဘောတူညီချက်ကနေ နှုတ်ထွက်သွားပြီးကတည်းက ယူကရိန်းဆိပ်ကမ်းတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့လို့ အခြေခံအဆောက်အဦး ၁၃၀ နီးပါးပျက်စီးခဲ့ပြီး လူတစ်သန်းကျော်ကို တစ်နှစ်နီးပါးလောက် ကျွေးမွေးထားနိုင်တဲ့ စပါးတန်ချိန် ၃၀၀,၀၀၀ ပျက်စီးခဲ့တယ်လို့ ဗြိတိန်က ပြောပါတယ်။

ရုရှားရဲ့ သဘောတူညီချက်ကနေနှုတ်ထွက်သွားမှုကို ဖြေရှင်းဖို့အတွက် ယူကရိန်းက ပင်လက်နက်မှာ သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်ဖို့ ယာယီ “လူသားချင်းစာနာထောက်ထားမှုစင်္ကြံ” ထူထောင်ခဲ့ပြီး သင်္ဘောအများအပြားဟာ ဒီလမ်းကြောင်းကို အသုံးပြုလာခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းရေတပ်က ပြောရေးဆိုခွင့်ရှိသူ ဒမီထရို ပလန်တက်ချ် က သင်္ဘောအစီး ၂၀ ကျော် ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေက ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ “လက်ရှိအချိန်အထိ စင်္ကြံအသစ်ကို ဝင်ဖို့ စုစုပေါင်း ၁၂ စီး၊ ထွက်ဖို့ ၁၀ စီးရှိတယ်။” လို့ သူက ပြောဆိုခဲ့ပြီး ဘယ်အချိန်မှာ သင်္ဘောတွေ စတင်ထွက်ခွာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ယူကရိန်းရေပိုင်နက်အတွင်း အရပ်သားသင်္ဘောတွေ ဘေးကင်းရေးအတွက် အလုံးစုံလုပ်ဆောင်နေတယ်လို့ ဒမီထရိုက ထည့်သွင်းပြောဆိုခဲ့ပြီး သင်္ဘောတွေဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနဲ့ တူရကီ ရေပိုင်နက်တွေကို ဖြတ်သန်းသွားလာမယ်လို့ ပြောပါတယ်။

ယူကရိန်းက သင်္ဘောတွေ ဘေးကင်းလုံခြုံမှု တိုးတက်ကောင်းမွန်လာစေဖို့အတွက် အခြားမဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်နေပြီး ပင်လယ်နက်မှာ ရုရှားရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့အတွက် ထောက်လှမ်းရေးနဲ့ ကင်းထောက်စွမ်းရည်ကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။