Trending Now

ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ ဝိုင်းမော်မြို့နယ် မန်ဝိန်းဒေသလူထုသို့ (နာရေးကူညီမှုယာဉ်) လှူဒါန်း

Spread the love

ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ ဝိုင်းမော်မြို့နယ် မန်ဝိန်းဒေသလူထုသို့ (နာရေးကူညီမှုယာဉ်) လှူဒါန်း

 

EPN

မြစ်ကြီးနား၊ ဇူလိုင် ၁၄

ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ ဝိုင်းမော်မြို့နယ်၊ မန်ဝိန်းဒေသလူထုသို့ (နာရေးကူညီမှုယာဉ်) လှူဒါန်းခြင်းအခမ်းအနားကို ယနေ့၊ နေ့လည် ၁၂ နာရီက အီမောဘွမ်စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ မန်ဝိန်းဒေသလူထုအတွက် နာရေးကူညီမှုယာဉ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ဆက်ဆံရေးရုံးအရာရှိ ဗိုလ်မှူး ဦးခင်မောင်ကျော်မှ ယခုကဲ့သို့ ရှင်းပြပြောဆိုခဲ့ သည်။

“ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ကျွန်တော်တို့ရဲ့ ဥက္ကဌကြီး သီရိပျံချီ ဝဏကျော်ထင် ဦးဇခုန်တိန့်ယိန်းရဲ့ ပန်ဝါခရီးစဉ်မှာ မန်ဝိန်းမှာ လူထုတွေ့ဆုံပွဲ လုပ်ခဲ့ပါတယ်။ အဲ့ဒီမန်ဝိန်းလူထုတွေ့ဆုံပွဲမှာ မန်ဝိန်းဒေသအနေနဲ့ နာရေးကူညီမှု မော်တော်ယာဉ် လိုအပ်ပါတယ်ဆိုပြီးတော့ တင်ပြခဲ့ပါတယ်။ နောက်ပြီးတော့ ကျောင်းဆရာ၊ ဆရာမ လိုအပ်တာတွေ၊ လမ်းတွေဖောက်ပေးဖို့ လုိအပ်တာတွေ၊ လျှပ်စစ်မီးတွေ သွယ်တန်းပေးဖို့ လိုအပ်တာတွေ တောင်းဆိုခဲ့တာ ရှိပါတယ်။ အဲ့ဒီ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဥက္ကဌကြီးက စီစဉ်ဆောင်ရွက်စရာ ရှိတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ အခုတော့ ပထမဆုံး နာရေးကူညီမှုယာဉ်ကို ကျွန်တော်တို့ ချန်းရင်းခူးကုမ္ပဏီအနေနဲ့ လှူဒါန်းခြင်းဖြစ်ပါတယ်။ လှူဒါန်းရခြင်း အကြောင်းကတော့ ချန်းရင်းခူးကုမ္ပဏီအနေနဲ့လည်း မန်ဝိန်းဘက်မှာ ငှက်ပျော်လုပ်ငန်းတွေ လုပ်နေတဲ့၊ ဆောင်ရွက်နေတဲ့ ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့လည်း လိုအပ်ချက်တွေ၊ လိုအပ်တာလေးတွေကို ဝိုင်းဝန်းပြီးမှ အပြန်အလှန်စောင့်ရှောက်ပြီးတော့ နေသွားထိုင်သွားဖို့ လိုပါတယ် ” ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ယင်းနောက်တွင် နာရေးကူညီမှုယာဉ်အား မန်ဝိန်းဒေသမှ သက်ဆိုင်ရာလူကြီးများသို့ လွဲပြောင်းပေးအပ်ကာ လက်မှတ်စာ ချုပ်များကို အပြန်အလှန်ရေးထိုးခဲ့ကြပြီး မန်ဝန်းအုပ်ချုပ်ရေးမှုးမှ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားကို ယခုကဲ့သို့ ပြောကြားခဲ့သည်။

“ ၂၀၂၃ခုှနှစ်၊ မေလ ၆ ရက်နေ့တုန်းက ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်နဲ့ တွေ့ဆုံတဲ့အချိန်မှာ ကျွန်တော်တို့ မန်ဝိန်းပြည်သူလူထုအနေနဲ့ နာရေးကူညီမှုယာဉ် လိုအပ်တယ်လို့ တင်ပြခဲ့တာကို လှူဒါန်းပေးတဲ့အတွက် ဥက္ကဌကြီးနဲ့ အဖွဲ့များအားလုံးကို ကျေးဇူးတင်ပါတယ်။ မန်ဝိန်းဘက်မှာ လူဦးရေလည်းများတော့ ဒီနာရေးကူညီမှုယာဉ်က မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ဒီကားကို အကောင်းဆုံး အသုံးပြုသွားပါမယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ အခမ်းအနား ပြီးဆုံးချိန်တွင် ကချင်အထူးဒေသ (၁) မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မန်ဝိန်းဒေသမှ အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများ နာရေးကူညီမှုမော်တော်ယာဉ်နဲ့အတူ မှတ်တမ်းဓာတ်ပုံများကို ရိုက်ကူးခဲ့ကြ ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။