Trending Now

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ မိုးရာသီကာလတွင် လုပ်ငန်းခွင်ရပ်နားမည် မဟုတ်ကြောင်း ပြည်နယ်ဝန်ကြီး ဆို

Spread the love

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ မိုးရာသီကာလတွင် လုပ်ငန်းခွင်ရပ်နားမည် မဟုတ်ကြောင်း ပြည်နယ်ဝန်ကြီး ဆို

EPN
ဖားကန့်၊ ဇွန် ၆

ဖားကန့်ဒေသတွင် မိုးရာသီကာလတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ လုပ်ငန်းခွင် ရပ်နားမည် မဟုတ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဒါရှီလဆိုင်းက ပြောဆိုလိုက်သည်။

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအနေနှင့် ယခုနှစ်မိုးရာသီကာလတွင် လုပ်ငန်းခွင် ရပ်နားရမည့် ညွှန်ကြားချက် ယနေ့ဇွန်လ( ၆ )ရက်နေ့အထိ မရရှိသေးကြောင်း ၀န်ကြီး ဦးဒါရှီလဆိုင်းက ပြောပြသည်။

“ဒီနှစ်ကတော့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေ လုပ်ငန်းခွင်ရပ်နားဖို့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာ အခုအချိန်ထိ မရရှိသေးပါဘူး။ ကုမ္ပဏီတွေ လုပ်ငန်းခွင် ရပ်နားခဲ့ရင်၊ စက်ယန္တရား အသုံးပြုမှုပါ ရပ်နားရတာဖြစ်တဲ့အတွက် ဒေသအတွက် အခက်အခဲတွေ ဖြစ်ပေါ်တာကို တွေ့ရှိရပါတယ်”ဟု ၀န်ကြီးက ဆိုသည်။

ထို့အပြင် မိုးရာသီကာလတွင် ယင်းဒေသရှိ လမ်းများမှာ မိုးရွာသွန်းမှုကြောင့် များစွာပျက်စီးခဲ့ရပြီး၊ အဆိုပါ လမ်းများပြုပြင်ရန်အတွက် စက်ယန္တရားများ အသုံးပြုချင်သော်လည်း၊ အဆိုပါ လုပ်ငန်းခွင် ရပ်နားရမည့် ညွှန်ကြားချက်များအရ လုပ်ဆောင်ရသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။

ယမန်နှစ် မိုးရာသီကာလတွင် မြေပြိုကျမှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ အဆိုပါ အခြေအနေများအား လွှတ်တော်များတွင် တင်ပြခဲ့ရာမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများအား ဇူလိုင်လမှ စက်တင်ဘာလ ကုန် အထိ (၃)လတာ လုပ်ငန်းခွင် ရပ်နားစေခဲ့သည်။

ယခုကာလသည် COVID-19 ကပ်ရောဂါဖြစ်ပွါးနေချိန်ဖြစ်သဖြင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ လုပ်ငန်းခွင် ရပ်နားခဲ့ပါက အလုပ်အကိုင်ရှားပါးမှုများ ကြုံတွေ့လာနိုင်ပြီး ဒေသတွင်း စီးပွါးရေး မကောင်းမွန်မှုများပါ ထပ်ဆင့် ထိုးနှက်ချက်ဖြစ်လာနိုင်ကြောင်း ရပ်မိရပ်ဖတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယခု လက်ရှိတွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများမှ ဝန်ထမ်း၊ လုပ်သားများအနေဖြင့် နေရပ်ပြန်လိုပါက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ပြန်ခွင့်ပြု ပေးနေကြောင်း၊ လုပ်ငန်းခွင် ဆက်လက်နေထိုင်လုပ်ကိုင်နေသူများအား မိုးရာသီကာလတွင် အလုပ်ပေးထားနိုင်ရန် လုပ်ဆောင်နေကြောင်း ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နှစ် မိုးရာသီကာလက ဖားကန့်ဒေသတွင် နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုကျခြင်း တို့ကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခြင်း၊ လူနေအိမ်များ ပြိုကျပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ဇူလိုင်လ(၁)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ ကာလအတွင်း ကျောက်စိမ်းတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းခွင်များအား ခေတ္တရပ်နားထားရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့သော်လည်း ယခု မိုးရာသီကာလအတွက် ညွှန်ကြားချက် အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ပြည်နယ်ဝန်ကြီး၏ ပြောပြချက်အရ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။