Trending Now

ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Spread the love

ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

EPN
ဝိုင်းမော်၊ ဧပြီ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ လတ်တလော အခြေအနေ မတည်ငြိမ်မှုများကြောင့် မြို့နယ်အသီးသီးမှ ဘာသာရေးကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီနေရပ်စွန့်ခွာ လာသူများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမားရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ယမန်နေ့၊ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအလယ်ပိုင်းရှိ မာန်အောင်ဘုန်းကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီစစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာလှအောင်၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာအက်စ်လွမ်းနော၊ မီးယပ်နှင့်သားဖွားဆရာဝန်ကြီး ဒေါက်တာသီတာနှင်း၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာ မောင်မောင်အေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသမှု ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ဘွမ်ယွန်နှင့် စေတနာ့ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းပြီး၊ မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန်ခွာသူများနေထိုင်သည့် စခန်းများတွင် ရောက်ရှိနေသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွေညောင်ပင်ကျေးရွာ၊ အောင်မြေ (၁/၂)ကျေးရွာ၊ အင်းလေးကျေးရွာ၊ စန်းကားကျေးရွာ၊ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၊ ရွာသစ်ကျေးရွာတို့မှ ခတ်ချို ကျေးရွာရှိ မာန်အောင်ဘုန်းကြီးတော်ကြီးကျောင်းတိုက်၊ ဘုရားကြီးကျောင်းတိုက်၊ တိုက်ကုန်း ဘုန်းတော်ကြီး ကျောင်းတိုက်၊ ဝေဠုဝန်ကျောင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်များတွင် ရောက်ရှိနေကြ‌သော အိမ်ထောင်စု (၂၃၂) စု အနက် ဒေသခံပြည်သူများ (၁၇၁) ဦး လာရောက်စစ်ဆေးခံကြပြီး၊ ဆေးရုံတက်ကုသမှု ခံယူရန်လိုအပ်သည့် ပြည်သူများအား မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မနောဧကရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။