Trending Now

ဖားကန့်မြို့တွင် ဓာတ်အားလိုင်းပြတ်တောက်စဉ် (၁)လကျော်အတွင်း လျှပ်စစ်မီးကြိုးများ ခိုးယူခံရမှုပေါင်း (၈၀)ကျော် ဖြစ်ပွားခဲ့

Spread the love

ဖားကန့်မြို့တွင် ဓာတ်အားလိုင်းပြတ်တောက်စဉ် (၁)လကျော်အတွင်း လျှပ်စစ်မီးကြိုးများ ခိုးယူခံရမှုပေါင်း (၈၀)ကျော် ဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား၊ မတ် ၁၁(၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများကြောင့် မိုးကောင်း-ဖားကန့်သို့ သွယ်တန်းထားသည့် ၆၆ကေဗွီ ဓာတ်အားလိုင်း ပြတ်တောက်နေစဉ် တစ်လကျော် ကာလအတွင်း လျှပ်စစ်မီးကြိုးများ ခိုးယူခံရမှုပေါင်း (၈၀)ကျော် ဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နေ ဒေသခံများထံမှ သိရသည်။

နမ့်တိန်ကျေးရွာအနီး ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ စတင်ကာ နှစ်ဖက်တိုက်ပွဲများကြောင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ပြတ်တောက်သွားခဲ့ပြီး ယင်းကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်နေစဉ်အတွင်း ထရန်စဖော်မာများ၊ နေအိမ်များသို့သွယ်တန်းထားရှိသည့် မီးကြိုးခိုးယူခံရမှုများ ဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” လျှပ်စစ်ဓာတ်အားမရှိတော့ အခုမီးပြတ်တဲ့ လအတွင်းကို မီးကြိုးတွေခိုးမှုက နေရာတိုင်းလိုလိုမှာ ဖြစ်သွားတယ်။ ထရန်စဖော်မာကနေ သွယ်ထားတဲ့ မီးကြိုးခိုးတာက (၁၀)နေရာကျော်လောက်မှာဖြစ်ခဲ့တယ်။ ဖြစ်တာအများဆုံးက လုံးခင်းကျေးရွာအုပ်စုထဲမှာ အဖြစ်များတယ်။ နောက်ပြီး အိမ်ကိုသွယ်တန်းတဲ့ကြိုးတွေခိုးယူမှုက ဆိုင်းတောင်မှာအများဆုံးဖြစ်ခဲ့တယ်။ နေရာ (၅၀)ကျော် (၆၀)လောက်မှာ ဖြစ်ပွားခဲ့တယ်။ နေအိမ်တွေကို သွယ်တန်းတဲ့ ကြိုးတွေကိုတော့ တံစဥ်တွေ၊ ဓားတွေနဲ့ ဖြတ်ခိုးတာတွေ လုပ်ကြတယ် ” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ခိုးယူသူများမှာ မူးယစ်ဆေးဝါး သုံးဆွဲသူများ ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ငွေလိုအပ်လျှင် ပြန်လည်ရောင်းချ၍ရသည့် ပစ္စည်းများကို ခိုးယူကြကြောင်း လုံးခင်းရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

” ဖားကန့်မှာ မူးယစ်ဆေး သုံးစွဲတဲ့သူတွေများလာတယ်။ သူတို့ငွေလိုရင် လွယ်လွယ်ရတာတွေ လုပ်လာတယ်။ ဓားပြတိုက်တာတွေ၊ ခိုးတာတွေ ပိုမိုလုပ်လာကြတယ်။ အခုလဲ မီးကြိုးတွေဖြုတ်ခိုးပြီး ပြန်ရောင်းတာတွေ လုပ်လာကြတယ်။ သူတို့ပြန်ရောင်းရင် တန်ဖိုးကဘယ်လောက်မှ မရပေမယ့်၊ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ပြန်ဝယ်ရရင် တစ်သိန်း၊ နှစ်သိန်းလောက်ကုန်တယ်။ ထရန်စဖော်မာက လျှပ်စစ်ကြိုးတွေဆိုရင် သိန်းကို ဆယ် ဂဏန်း ပေးဝယ်ရတယ်။ ဒီတော့ အခုလို ခိုးယူနေမှုတွေကို ပပျောက်ဖို့ သက်ဆိုင်ရာတွေ အနေနဲ့ ဆောင်ရွက်ပေးစေလိုတယ် ” ဟု ၎င်းကပြောသည်

အလားတူ ဖားကန့်မြို့ရှိ ဆိပ်မှုကျေးရွာတွင်လည်း (၂၀၂၃)ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့က လျှပ်စစ် ထရန်စဖော်မာ ပုံးပေါ်တက်ကာ မီးကြိုးခိုးဖြတ်သည့် အမျိုးသာတစ်ဦး ဓာတ်လိုက်ကာ သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။