Trending Now

မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနား-တနိုင်းသွား လမ်းပိုင်းအချို့ ပျက်စီး

Spread the love

မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနား-တနိုင်းသွား လမ်းပိုင်းအချို့ ပျက်စီး

EPN
မြစ်ကြီးနား၊ မတ် ၂၇ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လမ်းပိုင်းအချို့မှာ မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုများ ရှိနေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

မတ်လ ၂၆ ရက်နေ့၊ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်းမီကျေးရွာနှင့် တိန်ကောက်ကျေးရွာကြားရှိ လမ်းပိုင်းအချို့မှာ ပျက်စီးမှုများ ရှိခဲ့ပြီး၊ ခရီးသွားလာရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူ တစ်ဦးထံမှ သိရသည်။

” မနေ့ညက မိုးအရမ်းရွာလို့ လမ်းတွေကရေအိုင်တွေ၊ ရွံ့နွံတွေ ဖြစ်ကုန်တယ်။ အရမ်းကြီးဆိုးရွားတာ မဟုတ်သေးပဲမယ့် မိုးဆက်တိုက်ရွာရင်တော့ ပိုပြီးပျက်စီးအုံးမှာဘဲ။ အဓိက လမ်းပျက်စီးရတာက ရေမြောင်းမရှိလို့ပဲ။ တောင်ကျရေတွေအားလုံးက လမ်းမပေါ်ပဲကျပြီး ပျက်စီးကုန်တာ ” ဟု ၎င်းကဆိုသည်။

မြစ်ကြီးနား-တနိုင်းသွား လမ်းပိုင်းအများစုမှာ မြေသားလမ်းပိုင်းများဖြစ်ပြီး၊ မိုးရွာလျှင် မကြာခဏ ပျက်စီးလျက်ရှိကြောင်းသိရကာ အဓိကအားဖြင့် ရေမြောင်းများဖောက်လုပ်ထားခြင်း မရှိသည့်အတွက် ပိုမိုပျက်စီးနေရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရှဒူးဇွတ်ကျေးရွာနှင့် တနိုင်းမြို့ကြား လမ်းပိုင်းနေရာများတွင်လည်း ယမန်နေ့ မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုအချို့ ရှိနေကြောင်း ခရီးသွားပြည်သူများ ပြောကြားချက်အရ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။