Trending Now

တပ်မတော်နှင့် KIA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ယ‌နေ့ အချိန်အထိ အသွားအလာများပိတ်ထားဆဲ

Spread the love

တပ်မတော်နှင့် KIA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ယ‌နေ့ အချိန်အထိ အသွားအလာများပိတ်ထားဆဲ

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၂၉

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်အတွင်းရှိ ဆယ်ဇင်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများကြောင့် ယနေ့အချိန်အထိ မော်တော်ယာဉ်များအား သွားလာခွင့် ပိတ်ပင်ထား‌ကြောင်း ဒေသခံများထံမှ သိရသည်။

ဆယ်ဇင်းကျေးရွာမှာ ဖားကန့်နှင့် မိုင် ၆၀ ခန့်သာ ကွာဝေးပြီး စစ်ကိုင်းတိုင်းဘက်သို့ ကုန်းကြောင်း၊ ရေကြောင်းများဖြင့် ဆက်သွယ်သွားလာနိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။

ယခုအခါတွင် ဆယ်ဇင်းကျေးရွာမှ ဟုမ္မလင်းသို့ပြေးဆွဲပေးလျက်ရှိသည့် ရေကြောင်းလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်‌ပေးခဲ့သော်လည်းကုန်ပစ္စည်းများသာသယ်ယူခွင့်ရှိ၍ခရီးသည်များပို့ဆောင်ခြင်းအားပိတ်ထားဆဲဖြစ်ပြီး ဖားကန့် ဆယ်ဇင်းလမ်းပိုင်းကို လည်း ယခင်အတိုင်းပိတ်ထားဆဲဖြစ်ကြောင်း ဆယ်ဇင်းကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“အခုကဆယ်ဇင်းနှင့်တာမခံကြား ဆိုင်ကယ်တွေကားတွေ သွားလို့မရဘူး၊ ကေအိုင်အေနှင့် Pdfပူးပေါင်းအဖွဲ့တွေက ပျားစွဲစခန်းမှာနေရာတွေချထားတယ်၊ ကျောက်ပုန်မော်မှာတစ်နေရာ၊ အနီးစခန်းမှာတစ်နေရာချထားတယ် တပ်မတော်ဘက်ကလည်း တစ်ဖက်မှာ နေရာချထားတဲ့အတွက် ကြားထဲမှာ ခရီးသည်တွေက ဒုက္ခရောက်နေကြရတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်နေသော်လည်း ဆက်လက်ဖြစ်ပွားရန် အလားအလာများရှိ‌နေသောကြောင့် လမ်းကြောင်းပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း ဖားကန့်မှ ဆယ်ဇင်းသို့ပြေးဆွဲနေသော မော်တော်ယာဉ်မောင်းတစ်ဦးကပြောသည်။

“ကျွန်တော်ဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းကတည်းက အခုထိဖားကန့်မှာ ပိတ်မိနေတုန်းပဲ၊ လာမယ့် နှစ်ရက်သုံးရက်အတွင်းလမ်းကြောင်းတွေပြန်ပွင့်မယ်လို့တော့ထင်တယ်၊ဒါပေမဲ့တိုက်ပွဲတွေဆက်ဖြစ်နေမယ်ဆိုရင်တော့ သွားလို့ရမှာမဟုတ်ဘူး၊ KIA ဘက်ကပြောတာတော့ တိုက်ပွဲကြားညှပ်မှာစိုးလို့ မသွားခိုင်းတာလို့ ပြောတယ်”ဟု ၎င်းကပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဆယ်ဇင်းကျေးရွာမှ တာမခံကျေးရွာသို့ရွှေ့ပြောင်း ခိုလှုံနေရသူ (၄၀၀ )ဝန်းကျင်နီးပါရှိလာသလို ကျေးရွာအတွင်း ကျန်ရှိနေသူများမှာလည်း နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်မှုများရှိနေကြကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။