Trending Now

မြန်မာ့ပြည်တွင်း ပြဿနာ ဘာလဲ ဘယ်လဲ (၃)

Spread the love


မြန်မာ့ပြည်တွင်း ပြဿနာ ဘာလဲ ဘယ်လဲ (၃)

EPN
ဆောင်းပါး၊ ၂၀၂၂ ခုနှစ်၊ မတ် ၁၇
မိုးမြင့်မောင် ရေးသားသည်။

တိုင်းပြည်နိုင်ငံ အုပ်ချုပ်ရေး စနစ်များတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးသည် ခက်ခဲသော အုပ်ချုပ်ရေး စနစ်ဟု ဆိုကြသည်။ အဘယ်ကြောင့် ဆိုသော် ဒီမိုကရေစီစနစ် အောင်မြင်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးသည် လုံလောက်သော အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား ရှိရမည်ဖြစ်ပေသည်။ အသိဉာဏ်ကင်းမဲ့သော တိုင်းပြည်နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။ ထိုကြောင့် ဒုတိယကမ္ဘာ စစ်မဖြစ်မီအချိန်က ဂျာမနီနှင့် အီတလီနိုင်ငံတို့သည် ဒီမိုကရေစီကိုစွန့်၍ အာဏာရှင်နိုင်ငံများ အဖြစ် ထူထောင်ခဲ့ကြဘူးသည်။

“DEMOCRACY ဆိုတာ တိုင်းပြည်နိုင်ငံလူထု အကျိုးစီးပွားအတွက် အရည်အချင်းပြည့်ဝတဲ့ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ပြီး ပြည်သူ့အစိုးရက အုပ်ချုပ်တာ ဖြစ်တယ်။ ဒီမိုကရေစီဆိုတာ ဂရိဘာသာကနေ ဆင်းသက်လာတာ မှန်ပါတယ်။ DEMOCRACY ရဲ့စာလုံးတိုင်းမှာ အနှစ်သာရ ပြည့်စုံပြီး ကောင်းမွန်တဲ့ ဝါကျအစုအဖွဲ့တွေရဲ့ ထိပ်ဆုံးစာလုံးတွေကို စုပေါင်းပြီးမှ ဂရိပညာရှင်တွေက ခေါ်ဆိုတာ။ DEMOCRACY ဆိုတာ (Discipline) စည်းကမ်းရှိမှု၊ (Equity) တရားမျှတမှု၊ (Morality) ကိုယ့်ကျင့်သိက္ခာ စောင့်ထိန်းမှု၊ (Organization) ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှု၊ (Citizen) နိုင်ငံကြီးသားပီသမှု၊ (Religion) မိရိုးဖလာ ဓလေ့ထုံစံ ဘာသာတရား ကိုင်းရှိုင်းလိုက်နာမှု၊ (Ability) မိမိစွမ်းရည် သတ္တိကို ထက်မြက်အောင် ဆောင်ရွက်ပြီး အပြည့်အဝအသုံးချနိူင်မှု၊ (Chief) ထကြွနိူးကြား သနားသည်းခံ ဝေဖန်ထောက်ရှုခြင်း ဂုဏ်အင်္ဂါပြည့်ဝအောင် ကျင့်ဆောင်နိူင်မှု၊ (Youth) အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်များ အစဉ် နုပျိုတက်ကြွအောင် နေထိုင်နိူင်မှုတို့ ဖြစ်တယ်။ စတဲ့ ဂုဏ်အင်္ဂါ(၉)ချက်ကို နိုင်ငံသားတိုင်း နားလည် သဘောပေါက်ပြီး လိုက်နာနိူင်မှသာ တိုင်းပြည်နိုင်ငံက ငြိမ်းချမ်းသာယာပြီး များလူခမ်းသိမ်းရဲ့ အကျိုးစီးပွားကို လုပ်ဆောင်ပေးနိူင်မှာပါ” ဟု နိုင်ငံ့အရေး စောင့်ကြည့်နေသူများက ဆိုသည်။

မည်သည့်အရာတွင် မဆို အကောင်းနှင့်အဆိုး ဒွန်တွဲလျက် ရှိပေရာ အရာရာကို ဆုံးဖြတ်ရာ၌ အသိဉာဏ် ပညာရှိပြီး ဆင်ခြင်းတုံတရားဖြင့် လုပ်ကိုင် ဆောင်ရွက်တတ်သော လူသာ အခရာဖြစ်ပေသည်။ ဒီမိုကရေစီ စနစ်၏ အပြစ်များကို ဖေါ်ပြရလျှင် ဒီမိုကရေစီခေတ်တွင် နိုင်ငံသားများအား နိုင်ငံရေး အသိဉာဏ် ညီမျှသည်ဟု ဝန်ခံရာရောက်သည်။ သို့ရာတွင် တိုင်းသူ ပြည်သားများသည် နိုင်ငံရေး အသိဉာဏ် မတူညီကြချေ။ အများအားဖြင့် နိုင်ငံရေး အသိဉာဏ်ချို့တဲ့ကြသည်။

အများသဘောသည် အမှားပေါ၏။ အများသဘောနှင့် တင်မြှောက်သော အစိုးသည် မသိနားမလည်သူများ တင်မြှောက်သော အစိုးရပင် ဖြစ်သည်။ (သာဓက) ၂၀၂၂ ခုနှစ် ယူကရိန်း အရေးကို လေ့လာခြင်းဖြင့် သိနိူင်သည်။

ဒီမိုကရေစီ စနစ်တွင် နိုင်ငံရေးပါတီ အမျိုးမျိုး ပေါ်ပေါက်စေပြီး တိုင်းသူပြည်သားတို့ စည်းလုံးခြင်း မဖြစ်နိူင်ချေ။ (သာဓက) ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၁၀၀ ကျော်ပေါ်ပေါက်ခဲ့ပြီး ရပ်ကွက်ကျေးရွာ တစ်ခုတွင် ပါတီပေါင်း ၅ ခုထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်ရာ တချို့ပါတီမှာ လူမရှိ၍ နေရာအတော်များများ၌ ဝင်ရောက် ယှဉ်ပြိုင်နိူင်ခြင်း မရှိခဲ့ကြောင်း သတင်းများအရ သိရသည်။ ထိုအကြောင်းကို ကာတွန်းဆရာ တစ်ဦးက သရော်ထားသည်မှာ – ရွေးကောက်ပွဲက မရောက်သေးဘူး။ အခုကတည်းက ရွာကကွဲနေပြီး ဟု ရေးဆွဲထားလေသည်။

ဒီမိုကရေစီစနစ် အရ အစိုးရသည် ရေရှည်ခိုင်ခံခြင်း မရှိ၍ လူတို့၏ယဉ်ကျေးမှု ကိစ္စအရပ်ရပ် တိုးတက်ရေးသည် နှောင့်နှေးကြန့်ကြာတတ်သည်။ ၎င်းစနစ်သည် လွတ်လပ်ရေးနှင့် မည်သို့မှ မဆက်စပ်ချေ။ (သာဓက) ထိုင်းနိုင်ငံ အရေးကို လေ့လာခြင်းဖြင့် သိနိူင်သည်။

ဒီမိုကရေစီ စနစ်သည် တိုင်းပြည်စီးပွားကို များစွာထိခိုက်စေသည်။ ရွေးကောက်ပွဲများတွင် ငွေကို ရေလို သုံးရ၍ အကုန်အကျ များလေသည်။ (သာဓက) ရွေးကောက်ပွဲများ အကြောင်းကို လေ့လာခြင်းဖြင့် သိနိူင်သည်။

ဒီမိုကရေစီစနစ်၏ အကျိုးများမှာ နိုင်ငံသားများက ရွေးကောက် တင်မြှောက်ထားသော ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်များအား ငဲ့ရမည်ဖြစ်၍ ၎င်းတို့သည် အများအကျိုးအတွက်ကိုသာ ဆောင်ရွက်ရမည် ဖြစ်ပေသည်။ နိုင်ငံသားတို့၏ အကျိုးစီးပွားကို ပြဌာန်းမည့် ဥပဒေများတွင် ချယ်လှယ်နိုင်သည်။ နိုင်ငံသားတို့သည် မိမိတို့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ခွင့် ရကြမည်။ ထို့အတူ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက် ခွင့်ရှိ၍ နိင်ငံရေး အသိဉာဏ်ကျယ်ဝန်းလာပြီး မျိုးချစ်စိတ်ဓါတ် ရှင်သန်လာကြမည်။ နိုင်ငံရေးတွင် တန်းတူအခွင့်အရေး ရရှိကြမည်။ မဲဆန္ဒရှင်များနှင့် ဥပဒေပြု ကိုယ်စားလှယ်များ တိုက်ရိုက်ဆက်သွယ်နေရသဖြင့် နိုင်ငံတွင်း ပုန်ကန်မှုများ ပေါ်ပေါက်ရန် ခဲယဉ်းလာမည် ဖြစ်ပေသည်။

ဒီမိုကရေစီ၏ အခွင့်အရေးများမှာ (၁) တိုင်းသူ ပြည်သားတို့သည် လွတ်လပ်စွာ မိမိတို့ နှစ်သက် ယုံကြည်ရာ အယူ၊ ဘာသာကို ကိုးကွယ်နိုင်ခြင်း၊ (၂) အသက်နှင့်ပစ္စည်းဥစ္စာတို့ကို ဘေးရန်အပေါင်းမှ ကာကွယ်စောင့်ရှောက်ခွင့် ရရှိခြင်း၊ (၃) လွတ်လပ်စွာ သွားလာ၊ နေထိုင်၊ လုပ်ကိုင် ပြောဆို၊ ဆက်ဆံ၊ ပေါင်းသင်းနိုင်ခြင်း၊ (၄) အပြစ်မရှိသော မည်သည့် အလုပ်အကိုင်မျိုးကိုမဆို လုပ်ကိုင်နိုင်ခြင်း၊ (၅) မည်သည့်အရေးတွင်မဆို မိမိတို့ ထင်ရာကို တရားဥပဒေ၏ တားမြစ်ချက်မှ ကင်းလွတ်လျင်ပြောဆို နိုင်ခွင့်ရှိခြင်း၊ (၆) အမျိုး၊ ဘာသာ၊ ပညာ၊ စီးပွားရေး၊ တိုင်းရေးပြည်ရေးနှင့် စပ်လျဉ်းသော အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်း၊ (၇) အစည်း အဝေးများ ပြုလုပ်နိုင်ခြင်း၊ (၈) တရားဥပဒေအရ အုပ်ချုပ်ခြင်းကို သာတူညီမျှ ခံစားနိုင်ခြင်း၊ (၉)ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင်ခြင်း (၁၀)အစိုးရ ဆေးရုံများ၌ အခမဲ့ဆေးဝါး ကုသနိုင်ခွင့်၊ ကူးစက်သော ရောဂါများမှ ကာကွယ်နိုင်ရန် အခမဲ့ဆေးထိုးနိုင်ခွင့် စသည့်အခွင့်အရေးများ ဖြစ်ပေသည်။

ရွေးကောက်ပွဲများတွင် (၁) အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့်နှင့် အကျိုးအပြစ်၊ (၂) မဲပေးနိုင်သူတို့၏ အရည်အချင်း သတ်မှတ်ပုံ အမျိုးမျိုး၊ (၃) တိုက်ရိုက်ရွေးချယ်နည်းနှင့် တစ်ဆင့်ခံရွေးချယ်နည်း၊ (၄) မဲဆန္ဒရှင်များက ကိုယ်စားလှယ်ပေါ်တွင် ချုပ်ချယ်နိုင်ပုံ၊ (၅) တစ်နယ်လျင် တစ်ယောက်သာ ရွေးချယ်သော စနစ်နှင့် တစ်နယ်လျင် တစ်ယောက်ထက်ပို၍ ရွေးချယ်သောစနစ်၊ (၆) လျှို့ဝှက်စွာမဲပေးခြင်း၊ (၇) လူနည်းစုအတွက် ကိုယ်စားလှယ်ရွေးနည်း အမျိုးမျိုး၊ (၈)မဲဆန္ဒပေးနည်း အမျိုးမျိုးတို့ သိရှိထားရန် လိုအပ်ပေသည်။

တိုင်းပြည်နိုင်ငံရှိ ပြည်သူလူထု၏ အကျိုးစီးပွား လူနေမှု ဘဝကိုမြှင့်တင်ပေးနိူင်ရန် လွတ်လပ်ရေး ရရှိချိန်မှစ၍ နှစ်ပေါင်း ၇၀ ကျော်အကြာ မြန်မာ့နိုင်ငံရေး သမိုင်းအတွေ့အကြုံများကို သင်ခန်းစာယူ၍ အချိန်မီ ပြုပြင်နိူင်ရန် အားလုံး သတိချပ်သင့်သည်။ ကာတွန်းဆရာကြီးဦးဘဂျမ်း၏ ကာတွန်းများကဲ့သို့ ခေတ်မီနေလျင် အားလုံးကောင်းမည် မဟုတ်ချေ။ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းသည် ယနေ့ခေတ် လျှပ်စစ်မီးကဲ့သို့ အလားသဏ္ဏန် တူချေသည်။ အိတ်ပေါက်နှင့်ဖားကောက်သလို ပေးကာပေး၏ အချိန်ကုန်လူပန်း ရှိချေသည်။ ထိုသို့အခက်အခဲများ မဖြစ်ပေါ်စေရန် အားလုံးတွင် တာဝန်ရှိချေသည်။

တိုင်းရင်းသား ပြည်သူအချင်းချင်း လူအများ စိတ်ဆင်းရဲ အောင်လုပ်ခြင်းသည် လူတစ်စု၏ စိတ်ချမ်းသာရာ အစစ်အမှန် မဟုတ်ပေ။ သို့ရာတွင် လူတစ်စု၏ ကြီးပွားချမ်းသာရာလည်း ဖြစ်နိူင်သည်။ ထိုသူများသည် မိမိတို့အကျိုးစီးပွား ကာကွယ်ရန်အတွက် တိုင်းသူပြည်သား တို့အား အစိုးရကိုသာ အပြစ်မြင်တတ်စေရန် ပုံဖေါ်တတ်ကြသည်။ အစိုးရတိုင်းသည် ထိုအရာကို သတိပြုမိသော်လည်း တိုင်းရင်းသား ပြည်သူလူထုအား အကျိုးစီးပွား ဖြစ်လာရန် မဖေါ်ဆောင်နိူင်ခဲ့ချေ။

ယနေ့ နိုင်ငံပိုင် သတင်းမီဒီယာရုပ်သံနှင့် သတင်းစာစောင်များသည် အစိုးရအတွက်ပင် ဖြစ်နေသည်။ ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာအများစုမှာ လွတ်လပ်စွာ ဝေဖန်အကြံပြုနိူင်ပြီး တိကျမှန်ကန် ခိုင်မာသည့် သတင်းအချက်အလက်များကို အသုံးပြုကာ (Inclusive Political Institutions) နိုင်ငံရေးသုခမိန်များနှင့် (Inclusive Economic Institutions) စီးပွားရေးသုခမိန်များကို တပြိုက်တည်း ထိန်းကျောင်းတည့်မတ် အကောင်အထည် ဖေါ်ဆောင်ရွက်နိူင်ခြင်း မရှိပဲ ဆင်ကန်းတောတိုး လုပ်ဆောင်နေခြင်းသည် နိုင်ငံရေးနောက်ပြန်လှန်ကျခြင်း U turn ဖြစ်လာနိူင်သည်။ ထိုအရာသည် ဆိုးဝါးသော သံသရာကို ဖြစ်စေသည်။

မြန်မာ့နိုင်ငံရေးသမိုင်းသည် အကောင်းအဆိုး ရောထွေလျှက်ရှိသည်။ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက သမိုင်းကို မအအောင် လေ့လာသင်ယူရမည် ဆို၏။ ဖြစ်ပေါ်လာသော သမိုင်းကို လေ့လာမည်ဆိုလျှင် အချိန် ခေတ်ကာလ အနေအထားနှင့် ရာသီဥတုပါ အကြမ်းမျဉ်း ထည့်သွင်း တွတ်ချက်ရပေလိမ့်မည်။ ထို့ကြောင့် စာရေးဆရာ ရောဘတ်တေလာက ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံရေးအတ္ထုပ္ပတ္တိဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုက်ညီအောင် ပကတိ နိုင်ငံ့အရေးအရာများကို သုံးသပ်တင်ပြထားတဲ့ သူ့နိဒါန်းထဲတွင် ကောက်နုတ်ဖော်ပြထားတဲ့ ဂျော့ မက်ဒေါ်နယ် ဖရေဆာရဲ့ စာပိုဒ်တွင်“သင်သည် ပစ္စုပ္ပန်ကာလကို အတိတ်က ဖြစ်ရပ်များနှင့် ဆုံးဖြတ်ချက် မပြုနိုင်၊ ပြုလည်း မပြုသင့်ပါ။ သင်သည် ထိုအကြောင်းနှင့် ပတ်သက်၍ သံသယ အနည်းငယ်မျှရှိပါက ယင်းတို့၏ ခေတ်ကာလ အခြေအနေများနှင့် တန်ဖိုးများကို မြင်အောင် ကြိုးစားကြည့်၍ ပြောရမည်ဖြစ်သည်။ သင် မြင်တွေ့ရသည်များကို သင် နှစ်သက်ချင်မှ နှစ်သက်ပေမည်။ သို့ရာတွင် ထိုအကြောင်းကြောင့် ထိုကိစ္စသည် မည်သို့ဖြစ်သင့်ကြောင်းကို သင်၏ကိုယ်ပိုင်အမြင်ဖြင့် ကိုက်ညီရေးအတွက် ပြင်ဆင်မှုပြုလုပ်ရန် ကြိုးစားခြင်းအားဖြင့် အမှား မကျူးလွန်မိပါစေနှင့်´´ဟု ရေးထားသည်။

“ဘယ်တိုင်းပြည်နိုင်ငံမှာ မဆို အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံသားတွေနဲ့ တည်ဆောက်ရင်ကောင်းပါတယ်။ တိုင်းပြည်နိုင်ငံရဲ့ အနာဂတ် ဦးဆောင်မည့် ပုဂ္ဂိုလ်တွေနဲ့ သတင်းမီဒီယာတွေ ညံ့ဖျင်းရင် တိုင်းပြည်နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ဘဝက မိအေး ဘယ်နှစ်ခါ နာမလဲ တွေးကြည့်ပေါ့။ ဒါ့ကြောင့်လည်း တိုင်းပြည်နိူင်ငံက ရှေ့မရောက်ပဲ နောက်ပြန်လည်နေတာ။ မြန်မာ့နိုင်ငံရေးမှာ အရေးအကြီးဆုံး အမှားက ရွေးကောက်ပွဲဝင်ရေး၊ အမတ်ဖြစ်ရေး၊ ဝန်ကြီးဖြစ်ရေး၊ သမ္မတဖြစ်ရေး၊ မကျေနပ်ရင် ဆန္ဒပြမယ်၊ သပိတ်မှောက်မယ်၊ လက်နက်ကိုင်တော်လှန်မယ်၊ မိမိအာဏာမရသမျှ တော်လှန်နေမယ် စသဖြင့် ဒီလိုပဲ နားလည်ထားပုံရတယ်။ အရင်ကလည်း ဖြစ်ခဲ့ဘူးတယ်။ ယနေ့ နိုင်ငံရေးသမား အမည်ခံအချို့က ခေါင်းဆောင်ဖြစ်ရေးက ပထမ၊ တိုင်းရင်းသား ပြည်သူလူထု (အများ)အရေးက ဒုတိယလောက် ဖြစ်မယ်ထင်ပါတယ်။ နိုင်ငံရေးသမားရဲ့ လမ်းဆုံးက ဝန်ကြီးဖြစ်ရေး၊ သမ္မတဖြစ်ရေးမဟုတ်ပါဘူး။ မှားယွင်းနေသောစနစ်၊ မှားယွင်းသော လုပ်ဆောင်မှုများကို မှန်ကန်သောစနစ် မှန်ကန်သော လုပ်ဆောင်မှုများအဖြစ်သို့ ခရီးဆုံးတိုင်အောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်မယ် ထင်ပါတယ်။ စက်မှုနည်းပညာ တိုးတတ်တဲ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးက နယ်ပယ်မျိုးစုံ၊ ကဏ္ဏမျိုးစုံတွေမှာ ယနေ့အချိန်ထိ ပြီးစုံတဲ့ တိုင်းပြည်နိုင်ငံရယ်လို မရှိသေးပါဘူး။ တည်ငြိမ်အေးချမ်းလာရင် တိုင်းပြည်နိုင်ငံကို တည်ဆောက်ရာမှာ ဘက်ပေါင်းစုံက အသိပညာရှင် အတတ်ပညာရှင်များရဲ့ အယူအဆ မျိုးစုံကို ပေါင်းစပ်ပြီး ဆွေးနွေးပွဲ၊ ညှိနှိုင်းပွဲ၊ အပြန်အလှန်ငြင်းခုံပွဲတွေ ပြုလုပ်ပြီးမှ နိုင်ငံသားတိုင်းအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် လမ်းကြောင်းတွေ အတွက် ရေရှည်အများ လက်ခံနိုင်မယ့် ဥပဒေတွေကို ပြင်ဆင်ထည့်သွင်း ရေးဆွဲနိူင်ဖို့ တိုင်းပြည်နိုင်ငံ အသီးသီးရဲ့ လွတ်တော်ခန်းမတွေမှာ လုပ်ဆောင်နေတာ ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးက ရုပ်သံတွေမှာ မြင်တွေ့နိူင်ပါတယ်။ ဒါတောင် အုပ်စု ၃ ခုလောက် ကွဲနေတာ မြင်တွေ့ရမှာပါ။ ဥပမာအနေနဲ့ ကမ္ဘာ့နိုင်ငံတွေက ပညာသင်ကြားနည်းတွေကို လေ့လာလိုက်စားသူတွေက ပညာသင်ကြားရေးနှင့်ပက်သက်ပြီး ရည်ရွယ်ချက်ကို စီစစ်ရာမှာ သဘောထားကွဲကြတယ်။ အချို့က ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ပရိယေသန ဝမ်းစာ အဖြစ်လည်းကောင်း။ ကျောင်းသားလူငယ် အသီးသီး ဝါသနာပါတဲ့ ဘာသာရပ်မှာ အစွမ်းကုန် တတ်မြောက်စေရန် သင်ကြားပေးရမယ်က တစ်မျိုး။ကျောင်းသားလူငယ်တွေကို ကာယဗလ ထွားကြိုင်းသန်မာပြီး မိမိတိုင်းပြည်နိုင်ငံရဲ့ အကျိုးအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ရမည်ကတဖုံ အဓီက ပညာသင်ကြားရေးရဲ့ ရည်ရွယ်ချက်က ကလေးသူငယ်တွေ အသိဉာဏ် ကျယ်ဝန်းလာစေပြီ တိုင်းပြည်နိုင်ငံ့ သားကောင်းများ ဖြစ်လာဖို့ပါပဲ´´ဟု မြန်မာ့အရေး စောင့်ကြည့်လေ့လာ သူများက ဆိုသည်။

ယနေ့ကမ္ဘာတွင် လူ့အဖွဲ့အစည်းတချို့သည် တိရိစ္ဆာန်များကဲ့သို့ တရားမျှတခြင်း၊ မမျှတခြင်းကို အလေးမထား (Might is Right) “အင်အားကြီးသူသည် အမှန်”ဆိုသည့် သဘောတရားကို လက်ကိုင်ထား၍ အနိူင်ကျင့်နေကြသည်။ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတွင် (Right is Might) “အမှန်တရားသည် အင်အား” ဟုဆိုသော သဘောတရားကို လက်ကိုင်ထားရှိကြသည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး ရပ်ဆိုင်းခဲ့မှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးသည်။ ပထမအကြိမ်မှာ အင်္ဂလိပ်တို့အထွက်၊ ဂျပန်တို့၏ အုပ်ချုပ်ရေးနောက်ကျနေခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအကြိမ်မှာ ၁၉၈၈ ခုနစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့်နိုင်ငံတော်ကောင်စီတို့၏ အုပ်ချုပ်ရေးနှင့်ယန္တရား ရပ်ဆိုင်းသွားချိန်တွင် ချက်ချင်း အုပ်ချုပ်ရေးစနစ်တစ်ခုကို အစားမထိုးနိုင်ပဲ အချိန်ကြာ မြင့်မှသာ စစ်အုပ်ချုပ်ရေးကို အစားထိုးနိုင်ခြင်း တို့ကြောင့်ဖြစ်ပေသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အခြေအနေအရ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းအားထုတ်ရာတွင် နိုင်ငံရေး Institution ကိုခိုင်မာစေရန် ဖွဲ့စည်းတည်ဆောက်ပြီးစီးမှ တပ်မတော် Institution ကိုထူထောင်ခဲ့ခြင်း မဟုတ်ပဲ တပ်မတော် Institution ကိုဦးစွာတည်ထောင်ပြီးမှ အကွဲအပြဲ နိုင်ငံရေး Institutions များဖြင့် လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ပေသည်။ နိုင်ငံရေး သီအိုရီသဘောတရားများအရ နိုင်ငံရေး Institutions များသည် တိုင်းပြည် နိုင်ငံတည်ဆောက်ရာတွင် ဘက်ပေါင်းစုံ ခိုင်မာအားကောင်းသန်မာရမည် ဖြစ်သော်လည်း ယနေ့တည်ရှိနေသည့် တပ်မတော် Institution အဆင့်မျှကိုပင် ခိုင်မာအားကောင်းလာစေရန် မတည်ဆောက်နိုင်ကြသေးသည်မှာ ယနေ့ ထက်တိုင်ဖြစ်ပေသည်။

တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအထူးသတိပြုသင့်သည်မှာ လူပုဂ္ဂိုလ် တစ်ဦးတည်းကို ဗဟိုပြု၍ နိုင်ငံရေး institutions များခိုင်မာအားကောင်းလာလျှင် (သို့ ) ခိုင်မာအားကောင်းသော နိုင်ငံရေး Institutiona များလည်း ဖြစ်ပေါ်မလာလျှင်၊ ဗဟိုပြုခြင်းခံရသည့် လူပုဂ္ဂိုလ်မှာ အလိုအလျောက် အာဏာရှင် ဖြစ်လာပြီး၊ အခန့်မသင့်လျင် လူ့အသက်တွေ သေကြေပျက်စီးကြ၍၊ ပြည်သူပြည်သား လူအများမှာလည်း ဆင်းရဲဒုက္ခအပေါင်းမှ မလွတ်မြောက်နိုင်ဖြစ်ကြရပြီး၊ဆိုးဝါးသံသရာတွင် လည်ပတ်နေပေလိမ့်မည်။

ကိုးကား – ပြည်တွင်း/ပြည်ပသတင်းများ

ဓါတ်ပုံ အင်တာနက်
မိုးမြင့်မောင်

(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။