Trending Now

မြစ်ကြီးနားမြို့တွင် စက်သုံးဆီ ရည်ညွှန်းဈေး တစ်လီတာ ၂၅၀၀ သို့ ပြန်လည်ကျဆင်းလာသော်လည်း ဆိုင်အချို့ ရောင်းချနိုင်ခြင်းမရှိသည့်အတွက် ပိတ်ထားရဆဲ

Spread the love

မြစ်ကြီးနားမြို့တွင် စက်သုံးဆီ ရည်ညွှန်းဈေး တစ်လီတာ ၂၅၀၀ သို့ ပြန်လည်ကျဆင်းလာသော်လည်း ဆိုင်အချို့ ရောင်းချနိုင်ခြင်းမရှိသည့်အတွက် ပိတ်ထားရဆဲ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ စက်တင်ဘာ ၁ ရက်နေ့ စက်သုံးဆီရည်ညွှန်းဈေးမှာ ၉၂ တစ်လီတာ ၂၅၀၀ ကျပ် ဖြစ်သော်လည်း ဆီဆိုင်အချို့ စက်သုံးဆီပြတ်လပ်နေသည်ဟုဆိုကာ အရောင်းပိတ်ထားသလို တစ်လီတာ ၃၂၀၀ ကျပ်အထိ ပေးဝယ်နေရဆဲ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့မှစတင်၍ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အကန့်အသတ်ဖြင့် ရောင်းချခြင်း၊ ရောင်းချမှု ရပ်တန့်ထားခြင်းများရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက်ရှိ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးကြီးကြပ်ရေးလုပ်ငန်းကော်မတီသို့ တိုင်ကြားနိုင်ကြောင်း ပြောဆိုထားသော်လည်း စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းပိုင်ရှင်များမှာ ယင်းထုတ်ပြန်ချက်ကို အလေးမထားပဲ အကန့်အသတ်ဖြင့် ရောင်းချခြင်း၊ ရောင်းချမှု ရပ်တန့်ထားခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

“ထုတ်ပြန်ချက်တွေကို အပေါ်က ထုတ်ချင်ရာထုတ် အောက်မှာ ဖြစ်ချင်သလို ဖြစ်နေတာ တိုင်လို့ရတယ်သာပြောနေတာ မြေပြင်မှာ ဖြစ်နေတာ သူတို့ မသိတာမှ မဟုတ်တာ အပြင်ထွက်ကြည့် အကုန်မြင်နေတာပဲ” ဟု ၎င်းက ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး၊ တရားမဝင် လုပ်ငန်းများတွင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များ နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ဆုံ ဆွေးနွေး ခဲ့ကြသော်လည်း လက်ရှိအချိန်အထိ အရောင်းဆိုင်အချို့ ဆီပြတ်လပ်နေသည်ဟုဆိုကာ ရောင်းချနိုင်ခြင်းမရှိဘဲ ရပ်တန့်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။