Trending Now

အမေရိကန်နဲ့ အီရန်တို့ ဒေါ်လာ ၆ ဘီလီယံ လဲလှယ်ရေး သဘောတူညီချက်နဲ့ အကျဉ်းသားတွေကို လွတ်ပေးခဲ့ကြ

Spread the love

အမေရိကန်နဲ့ အီရန်တို့ ဒေါ်လာ ၆ ဘီလီယံ လဲလှယ်ရေး သဘောတူညီချက်နဲ့ အကျဉ်းသားတွေကို လွတ်ပေးခဲ့ကြ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

အမေရိကန်နဲ့ အီရန်တို့ ဒေါ်လာ ၆ ဘီလီယံ လဲလှယ်ရေး သဘောတူညီချက်နဲ့ စက်တင်ဘာ ၁၈ ရက်နေ့က နိုင်ငံအသီးသီးမှာရှိတဲ့ အကျဉ်းသား ၅ ဦးစီလွတ်ပေးခဲ့ကြတယ်လို့ အေအက်ဖ်ပီသတင်းက ဖော်ပြထားပါတယ်။

ရှစ်နှစ်ကြာ ထိန်းသိမ်းခံထားရသူ တစ်ဦးအပါအဝင် အီရန်မှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန် အကျဉ်းသား ငါးဦးဟာ လဲလှယ်မှုတစ်စိတ်တစ်ပိုင်းအဖြစ် လွတ်မြောက်လာခဲ့ကြပြီး ကာတာလေယာဉ်နဲ့ အီရန်နိုင်ငံကနေ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

အလားတူ လဲလှယ်မှုမှာ ပါဝင်ခဲ့တဲ့ အီရန်အကျဉ်းသားနှစ်ဦးဟာ ဒိုဟာကတစ်ဆင့် တီဟီရန်ကို ပြန်လည်ရောက်ရှိခဲ့ကြောင်း တရားဝင်အီရန် မီဒီယာက ဖော်ပြခဲ့ပြီး ကျန်အီရန်အကျဉ်းသား သုံးဦးကတော့ ကာတာ ဒါမှမဟုတ် တတိယနိုင်ငံမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းသားလဲလှယ်မှုနဲ့အတူ အီရန်ဟာ ပိတ်ဆို့ထားတဲ့ ဒေါ်လာ ၆ ဘီလီယံကို ပြန်လည်ရရှိခဲ့ပြီး အဆိုပါရန်ပုံငွေတွေကို အမေရိကန်က ကာတာနိုင်ငံက စီမံခန့်ခွဲတဲ့ ဘဏ်အကောင့်တွေထဲကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရန်ပုံငွေတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်တွေအတွက်သာ အသုံးပြုဖို့ ဘိုင်ဒင်အုပ်ချုပ်ရေးက ပြောကြားခဲ့ပြီး မဟုတ်ပါက ထပ်မံအရေးယူပိတ်ဆို့မှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အီရန်က ရန်ပုံငွေတွေကို အပြည့်အဝ သုံးစွဲခွင့်ရှိတယ်လို့ အခိုင်အမာ ပြောကြားပြီး သမ္မတ Ebrahim Raisi က အချိန်အတော်ကြာ ပိတ်ဆို့ထားတဲ့ ငွေတွေနဲ့ အီရန် ပြည်သူတွေနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အသုံးပြုမယ်လို့ ပြောကြားခဲ့ပါတယ်။

လွတ်မြောက်လာတဲ့ အမေရိကန် အကျဉ်းသားတွေဟာ ဝါရှင်တန်ဒီစီကို ရောက်ရှိခဲ့ကြပြီး အချို့ကို ဆေးစစ်မှုပြုလုပ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို သမ္မတ ဘိုင်ဒင်က စိတ်လှုပ်ရှားစွာနဲ့ ခေါ်ဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

လွတ်မြောက်လာသူတွေထဲက တစ်ဦးဖြစ်တဲ့ နာမာဇီက သူတို့လွတ်မြောက်လာဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးခဲ့တဲ့ သမ္မတ ဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ဘိုင်ဒင်အစိုးရရဲ့ အမြင့်ဆုံးဦးစားပေးလုပ်ငန်းဟာ နိုင်ငံရပ်ခြားမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို လုံခြုံစေဖို့ဖြစ်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။