Trending Now

ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ထောက်ပံဖို့ ဂျိုးဘိုင်ဒင်က တောင်းဆို

Spread the love

ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ထောက်ပံဖို့ ဂျိုးဘိုင်ဒင်က တောင်းဆို

EPN

နိုင်ငံတကာ၊ ဧပြီ ၂၉

ရုရှားနဲ့ စစ်ပွဲအတွက် ယူကရိန်းကို အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံ ထောက်ပံ့ဖို့ ကွန်ဂရက်ကို သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့ပြီး ဒီတောင်းဆိုချက်ကို အမြန်အတည်ပြုပေးဖို့ ယူကရိန်းသမ္မတက လွှတ်တော်အမတ်တွေကို တောင်းပန်ခဲ့ပါတယ်။

ရန်ပုံငွေတောင်းခံမှုမှာ လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ အခြားစစ်ဘက်ဆိုင်ရာအကူအညီများအတွက် ဒေါ်လာ၂၀ ဘီလီယံကျော်အပြင် ယူကရိန်းအစိုးရကို တိုက်ရိုက်စီးပွားရေးအကူအညီများအတွက် ကန်ဒေါ်လာ ၈.၅ ဘီလီယံနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ၃ ဘီလီယံ ဒေါ်လာတို့ ပါဝင်ပါတယ်။

“ယူကရိန်းလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရာမှာ ကျွန်တော်တို့အနေနဲ့ ထောက်ပံဖို့လိုအပ်ပါတယ် ဒီတိုက်ပွဲအတွက် ကုန်ကျစရိတ်က မသက်သာပါဘူး၊ ဒါပေမယ့် ရန်လိုမှုကို တွန်းလှန်ဖို့က ပိုကုန်ကျပါလိမ့်မယ်” လို့ မနေ့က အိမ်ဖြူတော်မှာ တောင်းဆိုချက်ကို လက်မှတ်ရေးထိုးပြီးနောက် ဘိုင်ဒင်က ပြောဆိုလိုက်ပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းကို ကိုယ်ပိုင်တပ်ဖွဲ့တွေနဲ့ နေတိုးတပ်ဖွဲတွေကို စေလွတ်ဖို့ ငြင်းဆိုထားပေမယ့် အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေက လက်နက်၊ခဲယမ်းအမြောက်အများကို ထောက်ပံထားတယ်လို့ ယူကရိန်းကဆိုပါတယ်။

“အမေရိကန်ပြည်သူတွေနဲ့ သမ္မတ ဘိုင်ဒင်ကို ကို ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်ပါတယ်။ ဒီတောင်းဆိုချက်ကို ကွန်ဂရက်လွှတ်တော်က မြန်မြန်ဆန်ဆန် အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ယူကရိန်းသမ္မတ ဇလန်စကီက ညနှောင်းပိုင်း ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်ရဲ့ အဆိုပြုချက်ဟာ အမေရိကန်တာဝန်ရှိသူတွေအနေနဲ့ ရုရှားအရာရှိတွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းယူရန်နဲ့ သိမ်းဆည်းရရှိတဲ့ ငွေသားတွေကို ယူကရိန်းကို ပေးဆောင်ဖို့ အပြင် ငွေကြေးခဝါချမှုဆိုင်ရာ ကန့်သတ်ချက်များအား ၅ နှစ်အစား ၁၀ နှစ်အထိ တိုးမြှင့်ပေးရန်လည်း ပါဝင်ပါတယ်။

အဆိုပါ အရေးယူဆောင်ရွက်မှုတွေဟာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအတွက် ရုရှားကို အထီးကျန်ဖြစ်စေရန် အမေရိကန်ရဲ့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး စစ်ပွဲကနေ ထွက်ပြေးခဲ့ရတဲ့ လူပေါင်း ၅ သန်းကျော်ကို ကူညီဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အဆက်အသွယ်ရှိတဲ့ သူဌေးကြီးတွေရဲ့ ပိုင်ဆိုင်မှုဒေါ်လာ ၃၀ ဘီလီယံကို သိမ်းဆည်းထားတယ်လို့ ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Source – ရိုက်တာ
Ref; Biden seeks $33 billion war chest to support Ukraine

See less

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။