Trending Now

ကချင်ပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးကာ နွေရာသီ အားကစားသင်တန်းများ အခမဲ့ ဖွင့်လှစ်သွားမည်

Spread the love

ကချင်ပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးကာ နွေရာသီ အားကစားသင်တန်းများ အခမဲ့ ဖွင့်လှစ်သွားမည်

EPN
မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၂၇ ( ၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကာ ကျောင်းသားလူငယ်များအတွက် လာမည့် မတ်လမှစတင်၍ နွေရာသီအားကစား သင်တန်းများကို အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ကျောင်းသားကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ လူငယ်မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရန်၊ပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အဓိကကတော့ ကျောင်းသားကျောင်းသူတွေရဲ့ ကျောင်းပိတ်ရက်တွေမှာ သူတို့နှစ်သက်ရာ အားကစားကိုကစားပြီး အချိန်ကို သေချာအကျိုးရှိရှိ အသုံးချစေဖို့၊ နောက်ပြီး အခုလို မျိုးဆက်သစ်တွေကို မြေတောင်မြှောက်ပေးပြီး ပြည်နယ်အတွက်၊ နိုင်ငံအတွက် အားကစားသမားတွေ ပေါက်ပေါက်လာစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ နွေရာသီ အခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်း ဖြစ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ နွေရာသီအခြေခံ အားကစားနည်းများမှာ ဘော်လုံး၊ ဘော်လီဘော၊ အေရိုးဗစ်၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ သိုင်း၊ ဂျူဒို၊ ပြေးခုန်ပစ်၊ ကရာတေးဒို၊ ရိုးရာလက်ဝှေ့၊ လက်ဝှေ့၊ တင်းနစ်၊ အလေးမ၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော၊ ဝူရှူး စသည့် အားကစားနည်း (၁၈)မျိုးကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစား သင်တန်းများကို မတ်လမှ စတင်ကာ ဧပြီလအထိ အားကစားအလိုက် သက်ဆိုက်ရာ အားကစားရုံများတွင် အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့သင်တန်းတက်ရောက်သူများအတွက်လည်း ပိတ်ပွဲအထိမ်းအမှတ် ပြိုင်ပွဲများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။