Trending Now

ရွေးချယ်မှု မှန်ကန်မှ လူထုအကျိုး ဆောင်ရွက်နိုင်မည်

Spread the love

 

 

ရွေးချယ်မှု မှန်ကန်မှ လူထုအကျိုး ဆောင်ရွက်နိုင်မည်

EPN
ဆောင်းပါး၊ ဇူလိုင် ၁၀ (၂၀၂၀)
(ယိန်းနွယ်)

ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းမှာ တည်ရှိနေသည့် ပြည်နယ်တစ်ခု ဖြစ်ပြီး ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်နှင့် သတ်မှတ် ဖွဲ့စည်းထားပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြသော ဒေသဖြစ်သည်။

ကချင်ပြည်နယ်အတွင်းမှာ မြန်မာကသာမက ကမ္ဘာကပါ စိတ်ဝင်စားနေသည့် သဘာဝတရားများနှင့် ပြည့်စုံသည့် ဒေသများစွာ ရှိနေပေသည်။ အဖိုးတန် သယံဇာတများလည်း ပေါကြွယ်ဝသည့် ပြည်နယ် ဖြစ်သည်။ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များစွာလည်း ရှိလှသည်။ ဒေသခံတိုင်းရင်းသားများရဲ့ စိတ်ထားများပင်လျှင် စိတ်ရင်းစေတနာကောင်းလွန်းလှသည်။

ကချင်ပြည်နယ်ရှိ စိတ်ဝင်စားစရာ ဒေသတစ်ခုဖြစ်သည့်  ကချင်အထူးဒေသ(၁)အတွင်းရှိ ရေ၊ မြေ၊ တော တောင် သဘာဝရှုခင်းများနှင့် တိုးတက်ပြောင်းလဲလာမှုကို စာရေးသူ ယင်းဒေသသို့ ရောက်ရှိခဲ့ စဉ်က တွေ့ရှိချက်များကို ရေးသားတင်ဆက်လိုပါသည်။ ကချင်အထူးဒေသ(၁)ကို ၁၉၉၀ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ဆော့်လော်မြို့နယ်ကို ပေါင်းစပ်ကာ အမည်ခေါ်ဝေါ်ခဲ့သည်ဟု မှတ်တမ်းများအရ လေ့လာသိရှိရပါသည်။

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ကို ဗလမင်းထင်တံတားကြီးပေါ်မှ ဖြတ်ကျော်ခဲ့မည်ဆိုလျှင် အထူးဒေသ (၁)၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်း စတင် ရောက်ရှိမည်ဖြစ်သည်။ ဝိုင်းမော်မြို့နယ်ကို ကျော်လွန်ပြီး ချီဖွေမြို့နယ်သို့ ရောက်ရှိမည် ဖြစ်သည်။ ထို မှတစ်ဆင့် ဆော့လော်မြို့နယ်သို့ ရောက်ရှိမည်ဖြစ်သည်။ အဆိုပါ မြို့နယ်သုံးခုအနက် ဝိုင်းမော်မြို့နယ်မှလွှဲပြီး ဆော့လော်နှင့် ချီဖွေမြို့နယ်တို့မှာ ဆောင်းတွင်းကာလ၌ ရေခဲနှင်းများ ဖုံးလွှမ်း နေသည်။

ထို့ကြောင့် ဆောင်းတွင်းကာလမှာ ခရီးသွားလည်ပတ်သူများ ပေါက်ရောက်လေ့ရှိသည်။ ကချင်အထူးဒေသ(၁)ရှိ မြို့နယ်များတွင်  စိမ်းလန်းစိုပြေနေသည့် သဘာဝ တောတောင် ရေမြေသဘာဝပတ်ဝန်းကျင်များကို မြင်တွေ့ရကာ စိတ်ကြည်နူး လန်းဆန်းသွားစေသည်။

ယခုလက်ရှိမှာ ကားလမ်းများလည်း ကွန်ကရစ်လမ်းများရှိသလို တစ်ချို့လမ်းပိုင်းမှာ မြေသားလမ်းများလည်း ရှိသေးသည် ကို တွေ့ ရသည်။ ယနေ့ အခြေအနေများမှာ ယခင်နှစ်များထက် ပိုမိုတိုးတက်ပြောင်းလဲနေပြီဖြစ်သည်ကို တွေ့ရပေသည်။ ဤသည်မှာလည်း ကချင်အထူးဒေသ(၁)၊ ဒေသတည်ဖွံ့ဖြိုး အုပ်ချုပ်မှု အဖွဲ့၏ စေတနာကြောင့်ပင် ဖြစ်ပါသည်။

ယနေ့ခေတ်မှာ ဒေသအကျိုး၊ လူမျိုးအကျိုး တိုးတက်အောင်ဆောင်ရွက်သွားရန်ဟု ဆိုကာ နိုင်ငံရေး ပါတီ အမြောက်အများ ပေါ်ထွက်လာသည်။ နိုင်ငံတော်အစိုးရက အကောင်အထည်ဖေါ် ဆောင်ရွက် နေသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနေသည့် ခေတ်ကာလ ပိုင်းခြားမှာ ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံရေးပါတီများလည်း သူ့ထက်ငှါ အပြိုင်အဆိုင် တည်ထောင်လာကြသည်။

ခေါင်းစီး ထည့်ရန်

ထိုသို့  နိုင်ငံရေးပါတီများ တိုးချဲ့ဖွဲ့စည်းလာခြင်းသည် မြန်မာတစ်နိုင်ငံလုံးရှိ ဒေသများသာမက ကချင် ပြည်နယ်တွင်လည်း ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ထောင်လာကြသည်။ ယခု ကဲ့သု့ိ နိုင်ငံရေးပါတီပေါလွန်းနေသည့် ကာလမှာ အမှန်တကယ် ဒေသအကျိုးကို ဖေါ်ဆောင်ခြင်းရှိနိုင် မရှိနိုင်ကိုတော့ မေးခွန်းထုတ် စောင့်ကြည့်ရမည်ဖြစ်သည်။

ယခုအချိန်အခါသည် မကြာခင် ကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲမှာ မိမိပါတီအောင်နိုင်ရေး အတွက် ပြင်ဆင်ပြီး မဲဆွယ်စည်းရုံးလာကြတော့မည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ကလည်း မဲအနိုင်ရရှိရေးကို ကြိုးစားကြမည်။ စည်းရုံးဟောပြောပွဲများ ပြုလုပ်၍ မက်လုံးများဖြင့် မဲဆွယ်ကြမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာမှာ ဒေသခံကိုယ်စားလှယ်များကသာ ဒေသနှင့် ဒေသခံမျိုးနွယ်စုများအကြောင်းကို ကောင်းကောင်း နားလည်သဘောပေါက်ခြင်းကြောင့် ဒေသခံကိုယ်စားလှယ်နှင့် ဒေသကို အခြေစိုက်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများကို ရွေးချယ်ဖို့ရန် လိုအပ်သည်။

ဆိုလိုရင်းမှာ ဒေသ၊ မြို့နယ်၊ ပြည်နယ်တစ်ခုတွင် နိုင်ငံရေးပါတီသည် ငါးခုထက်မနည်း တည်ရှိနေခြင်း ကြောင့် ယင်းတို့ဖြစ်တည်လာသည့် အခြေခံအကြောင်းအရင်းကို ခွဲခြား၍ ရွေးချယ်နိုင်ရေးဖြစ်သည်။

ဒီမိုကရေစီပါတီသစ် (ကချင်) N.D.P (Kachin)ကို နိုင်ငံရေးပါတီအဖြစ် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီပါတီသစ် (ကချင်) New Democracy Party (Kachin) သည် ကချင်အထူးဒေသ ၁ နယ်မြေဒေသတစ်ခုလုံးတွင် မှီတင်းနေထိုင် လျက်ရှိသော ဒေသခံတိုင်းရင်းပြည်သူလူထုကို အခြေခံ၍ ဖွဲ့စည်းထားသည်။
ဒီမိုကရေစီပါတီသစ် (ကချင်) မကြာသေးခင်ကမှ ဖွဲ့စည်းထားသည်ဆိုသော်လည်း ယင်းပါတီ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရှိနေပြီဖြစ်သည်။

ယခင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ကနေ ဝင်ရောက်အရွေးခံခဲ့သည့် ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် ဟာ ယခုဆို ဒီမိုကရေစီပါတီသစ် (ကချင်) ရဲ့ ကိုယ်စားလှယ်ဖြစ်နေပြီဖြစ်သည်။ ချီဖွေမြို့နယ် မဲဆန္ဒအမှတ် (၂) မှ ဝင်ရောက်အရွေးခံ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယခု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သည် ဒီမိုကရေစီပါတီသစ် (ကချင်)ရဲ့ ကိုယ်စားလှယ် ဖြစ်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ရုံးမှ ယခုနှစ် ဇွန်လက တရားဝင်ကြေငြာခဲ့သည်။

ယခုလို ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီသို့ ပြောင်းလဲခြင်းအားဖြင့် ဒေသအခြေစိုက်ပါတီဖြစ်သည့် အတွက် ယင်းပါတီမှာ ဝင်ရောက်ခြင်းကြောင့် ဒေသခံများ၏ အကျိုးကို ပိုမိုလုပ်ဆောင်နိုင်မည်။ ဒေသ အကြောင်းနှင့် ယင်းဒေသအတွင်းရှိ တိုင်းရင်းသားများ၏ အကြောင်းကို ဒေသခံပါတီ၊ ဒေသခံကိုယ် စားလှယ်မှသာ ဂဃနဏ သိနိုင်မည်ဖြစ်ခြင်းကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ဆောင် ရွက်နိုင်မည်ဖြစ်သည်။ ကိုယ်စားလှယ်တော်ကြီး ယခုလို ပါတီ ပြောင်းရွေ့သော်လည်း ၎င်း၏ ဒေသ အကျိုး၊ လူမျိုးအကျိုး၊ အများအကျိုး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များသည် ပြောင်းလဲလျှော့နည်းသွား မည် မဟုတ်ပါ။

ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်သည် ယခင်အစိုးရလက်ထက်အချိန်မှ ယနေ့ အစိုးရလက်ထက်အထိ ကိုယ်စားလှယ်နေရာကို အစိုးရနှစ်ဆက်တိုင် တာဝန်ယူခဲ့ပြီး ပြည်သူလူထုအကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ကိုယ်စားလှယ်တော်၏ ဆောင်ရွက်မှုကြောင့် ကချင်အထူးဒေသ(၁) အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးမှုများသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲ လာခဲ့သည် ကို တွေ့ရကြောင်း ချီဖွေမြို့နေ ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများတွင်လည်း ဒေသခံများ၏ လိုအပ် ချက်၊ ကျေးရွာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် နွေ၊ မိုး၊ ဆောင်း ရာသီ မရွေး ကွင်း ဆင်းလေ့လာခဲ့၍ မိမိတတ်နိုင်သည့် ကိစ္စရပ်များကို တစ်ခါတည်းဆောင်ရွက်ပေးခဲ့ပြီး မိမိတစ်ဦးတည်း ဆုံးဖြတ်၍ မရသော ကိစ္စရပ်များကို လွှတ်တော်အစည်းအဝေးများတွင် တင်ပြကာ သက်ဆိုင်ရာ ဝန် ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယခုဆို လမ်းပိုင်းဆိုင်ရာမှာကော၊ နည်းပညာ ဆက်သွယ်ရေးဆိုင်ရာမှာပါ ကောင်းမွန်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နောက်တစ်ချက် တင်ပြလိုသည်မှာ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါကြီး မြန်မာနိုင်ငံ မှာလည်း ဖြစ်ပွားနေချိန်မှာ ဒေသအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးကို အထူးဆောင်ရွက်ပေး ခဲ့သည်။

ပိုးသတ်ဆေးဖျန်းခြင်း၊ ဌာနဆိုင်ရာများအား ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးခြင်း စသည့် လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်ပေးခဲ့သည်။ ဤလှူဒါန်းပေးကမ်းမှုသည် ကချင်အထူးဒေသ(၁) အတွင်းမှာသာမဟုတ်ပါဘူး။ ကချင်ပြည်နယ်အစိုးရနှင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးမှာလည်း လိုအပ်သည့် အကူအညီများကို ပံ့ပူးပေးခဲ့ကြောင်း မီဒီယာများ၏ ဖေါ်ပြချက်အရ သိရပါသည်။

ကချင်အထူးဒေသ(၁)အတွင်းမှာရှိ တစ်ချို့ကျေးရွာများဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ရွာချင်း ဆက်များလည်း ရှိသည်။ ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာများမှာ အစိုးရက ဒေသခံများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အထူးသဖြင့် COVID-19 လို ရောဂါကြောင့် အချိန်နှင့်တစ်ပြေးညီ ဆောာင်ရွက်ရမည့်ကိစ္စများရှိခဲ့ရင်တောင် အစိုးရရဲ့ အကူအညီက လွယ်လင့်တကူရဖို့က မလွယ်ကူပါဘူး။

ဒီလိုဆောင်ရွက်သည့်နေရာမှာ ပွင့်လင်းမြင်သာမှုရှိခြင်း၊ စေတနာမှန်ရခြင်း၊ လူမျိုးအရ ဘာသာအရ အဖွဲ့ အစည်းဘက်လိုက်မှုမရှိခြင်း၊ ကိုယ်ကျိုးဖက်ခြင်းမရှိ၊ နိုင်ငံရေး၊ စီးပွားရေး အမြတ် ထုတ်ခြင်း မရှိဘဲ တန်းတူညီမျှ အကျိုးခံစားခြင်းကို စသည့် အချက်များအပေါ်မှာ အခြေခံပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ အများကျိုးအတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ်အရွေးခံခဲ့သူပီပီ အပြော နှင့် လက်တွေ့ တစ်ထပ်တည်း ဆောင်ရွက်ပေးသည့် ကိုယ်စားလှယ်ဖြစ်ကြောင်းကို ဖေါ်ပြလိုပါသည်။

ယခုလို ကိုယ်စားလှယ်များ ဒေသမှာ များများရှိဖို့ လိုအပ်သည်ဟု ဒေသခံပြည်သူများက ပြောသည်။ ကချင်အထူးဒေသ(၁) လို ဒေသမှာ ဒေသများနှင့် အခြေစိုက်ဖွဲ့စည်းထားသည့် ပါတီမဟုတ်ဘဲ၊ ကိုယ် စားလှယ်မဟုတ်ဘဲ အခြားသော ပါတီ (သို့မဟုတ်) ကိုယ်စားလှယ်များဖြစ်ခဲ့ပါက ဒေသအကျိုးကို ဆောင်ရွက်နိုင်ဖို့ဆိုတာ လုံးဝခက်ခဲမည့် ကိစ္စပင် ဖြစ်ပါသည်။

ယခု ဆိုလိုရင်းကို ကချင်ပြည်နယ် အတွင်းနေထိုင်သူများဆိုလျှင် နားလည်နိုင်မည်ဟု ယုံကြည် ပါသည်။ အဘယ်ကြောင့်ဆိုသော် လမ်းပန်း ဆက်သွယ်ရေးအရသော်လည်းကောင်း၊ အဘက်ဘက်မှာ နောက်နည်းသေးသည့်အတွက် ဒေသခံ ကိုယ်စားလှယ်မဟုတ်ခဲ့သော် ပြည်သူလူထု အထဲ သွားရောက်ထိတွေ့ဖို့ဆိုတာ လွယ်ကူမည်မဟုတ်ပေ မကြာမီ ကာလတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ ယင်းနိုင်ငံရေးပါတီများမှ ရွေးကောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ သည် ရောက်ရှိလာတော့မည်ဖြစ်သည်။

ပါတီကြီးငယ်မှ ကိုယ်စားလှယ်လောင်းများ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးလာတော့မည်ဖြစ်သည်။ ယခင် ၂၀၁၅ ရွေး ကောက်ပွဲတုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီများကလည်း အဲဒီတုန်းက ရလိုက်သည့် အတွေ့ အကြုံများကို သင်ခန်းစာအဖြစ် မှတ်ယူကာ လာမည့် ၂၀၂၀ ရွေးကောက် ပွဲအတွက် ပြင်ဆင်မှု ကြီး ကြီး မားမားလုပ်လာကြမည်။

အခြားသော ပါတီများကလည်း မဲအနိုင်ရရှိရေးအတွက်ကို မက်လုံးပေး ဟောပြောကြမည်။ ပါတီများ အနေဖြင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်လောင်းများအနေဖြင့်သော်လည်းကောင်း မည်သို့ပင် စည်းရုံးဟောပြောစေကာမူ ရွေးချယ်ရမှာသည် ပြည်သူလူထုသာဖြစ်သည်မဟုတ်ပါလော။ ပြည်သူများ သာ အဓိက ကျသည့်အတွက် ရွေးချယ်မှု မှန်ကန်စေဖို့ အထူးလိုအပ်ပါသည်။

နိုင်ငံရေးပါတီသည် မိမိဒေသ၊ လူမျိုးအကျိုးဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းကြသော်လည်း ယင်းပါတီကိုသော်လည်းကောင်း၊ ယင်းပါတီမှ ကိုယ်စားလှယ်များကိုသော်လည်းကောင်း သက်ဆိုင်ရာ နေရာအလိုက် ရွေးကောက်တင်မြောက်ရမည့် တာဝန်မှာ ပြည်သူလူထုသာဖြစ်သည့်အတွက် လက်ရှိ များပြားလွန်းလှသော နိုင်ငံရေးပါတီ အစုအဖွဲ့များထဲမှ မှန်ကန်သောပါတီကို ရွေးချယ်ကြရန် သတိပေး လိုပါသည်။

ယခု ဒီမိုကရေစီပါတီသစ် (ကချင်)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်သည် ဒေသခံပါတီ ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းကိုယ်တိုင်ပင်လျှင် ဒေသခံဖြစ်သည့် အတွက် ဒေသအကြောင်းကို “က”မှ “ အ” အဆုံးထိ သိရှိထားသူ ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်ကို နှစ်ရှည် ကာလတစ်ခုအတိုင်းအတာထိ ဆောင်ရွက်နေဆဲသူ ဖြစ်သည့် အတွက် အတွေ့အကြုံအရ ရင့်ကျက်သူ ဖြစ်သည်။ စေတနာ၊ အနှစ်နာခံ ဆောင်ရွက်နိုင်သူ ဖြစ်ကြောင်းကို ၎င်းနှင့် တွေ့ဆုံစဉ်က အကဲခတ်ရိပ် မိပါသည်။

အထူးဒေသရှိ ပြည်သူမဟုတ်သူများက ဦးဇခုန်ယိန်းဆောင်သည် ဘယ်အဖွဲ့မှလာသည်၊ ဘယ်လို ဆောင်ရွက်နေသည် စသဖြင့် ပြောဆိုနေသော်လည်း အမှန်တကယ် ၎င်း၏ စွမ်းဆောင်ရည်ကို သိရှိ ခံစားရသူမှာ ယင်းဒေသခံ၊ ဌာနတိုင်းရင်းသားများသာဖြစ်ကြောင်း ယင်းဒေသသို့ စာရေးသူ ရောက်ရှိ စဉ်က နားလည်ခဲ့ရပါသည်။

ထို့ကြောင့် ကချင်ပြည်နယ်၏ တန်းဖိုးထားမြတ်နိုးရာ ဒေသတစ်ခုဖြစ်သည့် ကချင်အထူးဒေသ (၁) ၏ အဘက်ဘက်ဖွံ့ဖြိုးတိုတက်ရေးကို မည်သည့်ပါတီအဖွဲ့အစည်းက ဦးဆောင်မှ လက်တွေ့ အကောင်အထည်ဖေါ် နိုင်မလဲဆိုတာကို ဒေသခံများက နားလည်ကြရမည်ဖြစ်သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။