Trending Now

အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထား၍ QR Code ရရှိပြီးမှသာ နယ်စပ်ကုန်ပစ္စည်းတင်ပို့ခွင့်ပြုမည်

Spread the love

အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထား၍ QR Code ရရှိပြီးမှသာ နယ်စပ်ကုန်ပစ္စည်းတင်ပို့ခွင့်ပြုမည်

EPN
ရန်ကုန်၊ ဇန်နဝါရီ ၆

နယ်စပ်ကုန်သွယ်မှုတွင် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ရရှိရန် အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ယင်းလုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၁၁ ရက်စတင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိကို စမ်းသပ်ကာလ Pilot Project အဖြစ် မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်များနှင့် မြဝတီ နယ်စပ်ဂိတ်များတွင် အခကြေးငွေ မကောက်ခံဘဲ စမ်းသပ်မည်ဖြစ်ကာ အဆိုပါ စမ်းသပ်ကာလပြီးဆုံးပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်၍ ယာဉ်တစ်စီးလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံသွားမည်ဟု သိရသည်။

ကုန်သွယ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာတွင် တင်ပို့မည့် ကုန်ပစ္စည်းများအတွက် နယ်စပ်ပို့ကုန် လိုင်စင်ကို Myanmar Tradenet 2.0 စနစ် ဖြင့် ဦးစွာလျှောက်ထားရမည်ဖြစ်ပြီး ပို့ကုန်လိုင်စင်ရရှိပြီးနောက် ယာဉ်များ၏ အချက်အလက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Vehicle Monitoring System ဝက်ဘ်ဆိုက်တွင် ဖြည့်သွင်းလျှောက်ထားရမည်ဖြစ်သည်။

ယင်းနောက် လိုအပ်သောအချက်အလက်များကို ကုန်သွယ်ရေး ဦးစီးဌာနက စိစစ်ပြီးမှသာ QR Code ပါဝင်သော ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ထုတ်ပေးမည်ဖြစ်သော်လည်း လိုင်စင်လျှောက်ထားရန် မလိုသည်ကုန်ပစ္စည်းများအတွက် ပို့ကုန်လုပ်ငန်း အဆင်ပြေစေစေရန် Automatic Licensing စနစ်ဖြင့် ချက်ချင်းခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များကိုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေး ဂိတ်များရှိ တာဝန်ကျဝန်ထမ်းများမှ Tracking Mobile App ဖြင့် QR Code များကို စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် QR Code ပြသစစ်ဆေးခြင်းမခံယူသောယာဉ်များကို စစ်ဆေးရေးဂိတ်များက ထွက်ခွာခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

ပိုငိပိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။