Trending Now

မြစ်ကြီးနားမြို့ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း နှစ် (၁၀၀)ပြည့် ရာပြည့်ပွဲတော်ကြီး ကျင်းပမည်

Spread the love

မြစ်ကြီးနားမြို့ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း နှစ် (၁၀၀)ပြည့် ရာပြည့်ပွဲတော်ကြီး ကျင်းပမည်

EPN
မြစ်ကြီးနား၊ မတ် ၂၈(၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထက (၁) အခြေခံပညာ အထက်တန်းကျောင်း၏ နှစ် (၁၀၀)ပြည့် ရာပြည့်ပွဲတော်ကြီးကို မတ်လ ၂၉ရက်မှ ၃၀ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နှစ် (၁၀၀)တိုင် ကြာမြင့်လာသည့် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းအတွက် ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ကျောင်းမှ ပညာတက်များ မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် ဆရာ၊ ဆရာမကြီးများအား ဂါရဝပြု ဂုဏ်ပြုသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ကျွန်မတို့ ကျောင်းကြီးက ဒီနှစ်မှာဆို နှစ် ၁၀၀ တိုင် ရှိခဲ့ပြီ။ ဒီအတွက် ကျောင်းကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနားလေးကို ပြုလုပ်တာဖြစ်တယ်။ နောက်ပြီး ဒီ အထက (၁)ကျောင်းကနေ ပညာတတ်တွေ အများကြီး မွေးထုတ်ပေးခဲ့တာကြောင့် ပညာသင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမကြီးတွေကို ဂါရဝပြု ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ် ” ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ ၁၉၂၃-၁၉၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ပထမဦးဆုံးသော ကျောင်းအုပ်အဖြစ် ဂျာမန်လူမျိုးဖြစ်သည့် မစ္စတာရှပ်ပယ်လ်တန်က တာဝန်ယူအုပ်ချုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ် (၁၀၀) ပြည့် အခမ်းအနားတွင် ကျောင်းတော်ကြီးကို ဂုဏ်ပြုသောအားဖြင့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကျောက်တိုင်ကြီး စိုက်ထူမည့်အပြင် ကျောင်းသမိုင်းပြခန်းနှင့်အတူ အားကစားပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းပွဲတော်ကျင်းပရေး ကော်မတီဝင်များမှလည်း ရပ်နီးရပ်ဝေး၊ ပြည်တွင်းပြည်ပ ဆိုင်ရာအသီးသီး ရောက်ရှိနေသော ကျောင်းသား/ သူဟောင်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘ၊ ရပ်မိရပ်ဖများ လာရောက်ဂုဏ်ပြု ပါဝင်စေလိုကြောင်း ကော်မတီမှ ကြေညာထားသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။