Trending Now

ဆိုင်းတောင်ကျေးရွာတွင် မိုးသီးလုံးများ ကျရောက်မှုကြောင့် သွပ်များပျက်စီးကာ ဝယ်ယူ၍မရဖြစ်နေ

Spread the love

 

ဆိုင်းတောင်ကျေးရွာတွင် မိုးသီးလုံးများ ကျရောက်မှုကြောင့် သွပ်များပျက်စီးကာ ဝယ်ယူ၍မရဖြစ်နေ

EPN
မြစ်ကြီးနား၊ မတ် ၂၇ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ (မတ်လ ၂၆ ရက်နေ့) ည ၁၁ နာရီခန့်က ကြက်ဥအရွယ်အစားခန့်ရှိသည့် မိုးသီးလုံးများ ကျရောက်မှုကြောင့် နေအိမ်များ၊အဆောင်အအုံများရှိ သွပ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ သွပ်များ ပျက်စီးမှုများပြားသည့်အတွက် ဆိုင်းတောင်ကျေးရွာရှိ ကုန်မာဆိုင်များတွင် သွပ်များဝယ်လိုအားများခဲ့ကာ သွပ်များဝယ်ယူရန် ရှားပါးနေကြောင်း ဆိုင်းတောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

” မနေ့က မိုးသီးတွေက အကြီးကြီးတွေ ကျတာ။ မိုးသီးအရွယ်အစားက ကြက်ဥလုံးလောက်ရှိတယ်။ ကျတဲ့ ပမာဏကလဲ များတယ်။ လမ်းမှာဆို မိုးသီးတွေက အပုံလိုက် တွေ့ရတယ်။ အိမ်တွေဆိုလဲ သွပ်တွေပျက်စီး ပေါက်ပြဲတာတွေ ဖြစ်တယ်။ မနက်ကဆို အိမ်ကသွပ်လဲဖို့ သွားဝယ်တာ။ ဝယ်လို့မရတော့ဘူး။ ဆိုင်းတောင်ထဲမှာ သွပ်ရောင်းတဲ့ဆိုင်က သွပ်ကိုမရှိတော့တာ ” ဟု ၎င်းကပြောသည်။

အဆိုပါ မိုးသီးလုံးများ ကျရောက်မှုမှာ နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး၊ ယင်းကဲ့သို့ ကျရောက်မှုကြောင့် ဒေသခံများ၏ အိမ်ခေါင်မိုးများ ပျက်စီးသည့်အပြင် သီးနှံပင်များ ပျက်စီးမှုများ၊ ကားများ၊ ဆိုင်ကယ်များ မိုးသီးထိမှန် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သွပ်များဝယ်ယူရန် ရှားပါးသည့်အတွက် ဒေသခံများမှာ ဖားကန့်မြို့ပေါ်အထိ သွားရောက်ဝယ်ယူနေရပြီး၊ အချို့မှာ အခြားမြို့များမှ မှာယူနေရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။