Trending Now

လေယာဥ်လက်မှတ်ခ နှုန်းထားများ ၁ သိန်းကျော် မြင့်တက်လာသည့်အတွက် ဒေသခံများ အခက်အခဲတွေ့နေ

Spread the love

လေယာဥ်လက်မှတ်ခ နှုန်းထားများ ၁ သိန်းကျော် မြင့်တက်လာသည့်အတွက် ဒေသခံများ အခက်အခဲတွေ့နေ

EPN
မြစ်ကြီးနား၊ မတ် ၂၀ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ မန္တလေးနှင့် ရန်ကုန်မြို့များသို့ ပြေးဆွဲ့လျက်ရှိသည့် KBZ air လိုင်းမှာ ယနေ့ မတ်လ ၂၀ ရက်နေ့မှ စတင်ကာ လေယာဥ်လက်မှတ်ခ နှုန်းထားများ ၁ သိန်းကျော် မြင့်တက်လာသည့်အတွက် ဒေသခံများ အခက်အခဲတွေ့နေကြောင်း သိရသည်။

ယင်းကဲ့သို့ လေယာဥ်လက်မှတ်ခနှုန်းထားများ မြင့်တက်လာသည့်အတွက် လေကြောင်းလိုင်းများကို အဓိက အားထားကာ သွားလာနေရသည့် ခရီးသည်များ အခက်အခဲများဖြင့် ကြုံတွေ့လာနိုင်ကြောင်း မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

” လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် မြေပြင်ကားလမ်းခရီးတွေ သွားလာဖို့က လုံးဝအဆင်မပြေဘူး။ ဒီတော့ ဒေသခံတွေ အများစုက လေကြောင်းလိုင်းနဲ့ပဲသွားလာနေရတယ်။ အခုတော့ လက်မှတ်တွေ တိုးကောက်တာ မြင်တွေ့ရတယ်။ ဒီတော့ ခရီးသွားဖို့ကလည်း လက်မှတ်ခ များတော့ အဆင်မပြေတော့ဘူး ” ဟု ၎င်းကပြောသည်။

ယနေ့မှ စတင်ကာ ကမ္ဘောဇ လေကြောင်းလိုင်းမှာ မြစ်ကြီးနား – မန္တလေး လေကြောင်းလိုင်း လေယာဥ်စျေးနှုန်းနှင့် မြစ်ကြီးနား – ရန်ကုန် စျေးနှုန်းမှာ ငွေကျပ် ၁ သိန်း ကျော် မြင့်တက်ခဲ့ကြောင်း လေယာဥ်လက်မှတ် အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒီနေ့မနက်ကစပြီး KBZ Air လိုင်းက လေယာဥ်လက်မှတ်ခတွေ ၁သိန်းကျော်အထိ စျေးမြင့်တက်သွားတယ်။ လေကြောင်းလိုင်း အကုန်လုံးတော့ မတက်သေးဘူး။ တစ်လိုင်းပဲ တက်သေးတယ် ” ဟု ၎င်းကပြောသည်။

ယခင်က မြစ်ကြီးနား – မန္တလေး လေကြောင်းလိုင်း စျေးနှုန်းမှာ ၂သိန်း၅သောင်းဝန်းကျင်သာ ရှိခဲ့ပြီး၊ လက်ရှိတွင် ၄သိန်း၅ထောင်အထိ မြင့်တက်လာကာ မြစ်ကြီးနား – ရန်ကုန် လေကြောင်းလိုင်း စျေးနှုန်းမှာလည်း ၃သိန်း၉သောင်းဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် ၅ သိန်း၅ထောင်းအထိ မြင့်တက်သွားကြောင်း သိရသည်။

လက်ရှိတွင် မြစ်ကြီးနားလေဆိပ်မှ မြန်မာ့လေကြောင်း၊ မန်းရတနာပုံ၊ KBZ လေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်းစသည့် လေကြောင်းလိုင်း (၄)လိုင်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။