Trending Now

မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၄၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Spread the love

မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၄၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (၂၀၂၄)

မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား မလေးရှားရေပိုင်နက်အတွင်းသို့ ပို့ဆောင်မည့် ငွေကျပ် ၄၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ လက် နက်/ ခဲယမ်းများနှင့်အတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်၊ နေ့လည် ၃ နာရီခွဲခန့်က တပ်မတော် (ရေ)မှ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ ပင်လယ်ပြင်၌ “အေးမြတ်အောင်” စက်လှေကို မသင်္ကာသဖြင့်စစ်ဆေးရာ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းလက်ခံသယ်ဆောင်ရန် စောင့်ဆိုင်းနေသော ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုးနှင့် ထွန်းဦးတို့အား တွေ့ရှိခဲ့ရသည်။

ယင်းတို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် “အေးမြတ်အောင်” စက်လှေပိုင်ရှင် တင်ရှိန်နှင့် စိုးရန်နိုင် (ခ)နောင်နောင်၊ ဇန်နဝါရီ ၂၈ ရက်တွင် ဌေးအောင် (ခ)ပေါက်စ၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် နိုင်ဦး (ခ)မောင်မောင်လေး (ခ)လှဝင်း တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထပ်မံ စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၇ နာရီခွဲ၌ ပုသိမ်မြို့နယ်၊ သမ္ဗန်ချိုင်ကျေးရွာရှိ တင်ထွန်း ပိုင်ဆိုင်သောဂိုဒေါင်မှ အိုက်စ် (၁ ဒဿမ ၅ တန်)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက် စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် ၉ နာရီတွင် ထွန်းလင်နိုင် (ခ)ငလင်း၊ ဇော်ထွေးလွင် (ခ)ငတိုလေး၊ ရဲလွင်ကို (ခ)ရခိုင်လေး၊ ကျော်ဇင်ထက်နှင့် ကျော်မင်းတို့အား ကမ်းရိုးတန်းသွား စက်လှေတစ်စီး၊ ဖေဖော်ဝါရီ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်း၊ မြိတ်မြို့အလယ်ကျွန်းရပ်ကွက်ရှိ “အေးမြတ်အောင်” စက်လှေပိုင်ရှင် တင်ရှိန်နှင့် မဇင်မာဌေးတို့၏ နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄၅ တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည် ၂၃ တောင့်၊ ငွေကျပ်သိန်း ၃၀၊ ကား ၂ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

၎င်းအပြင် တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်ရှိ တင်ရှိန်၏နေအိမ်မှ ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၂၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် အိုက်စ်များကို မန္တလေးမှ ပုသိမ်သို့ Dump Truck ကားဖြင့် သယ်ဆောင်ခဲ့သည့် ကျော်ရဲမြင့် (ခ)ဖြိုးသူရနှင့် စိုးမောင်မောင်တို့အား ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဖေဖော်ဝါရီ ၁၆ ရက်တွင် အိုက်စ်များကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်းထားသည့် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက် ၊ ၅၉ လမ်းနှင့် ၁၄၁ လမ်းထောင့်ရှိ ခြံဝင်းအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် Methylamine လီတာ ၁၆၄၀၀၊ Sulphuric Acid လီတာ ၁၂၀၀၊ Hydrochloric Acid လီတာ ၅၆၀၊ Benzyl Cyanide လီတာ ၁၂၄၀၀ တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ငွေကျပ် (၄၅ ဒဿမ ၂၈ ဘီလီယံ)ကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များနှင့် ဓာတုပစ္စည်း၊ ပင်လယ်ပြင်သွား စက်လှေ ၁ စီး၊ ကမ်းရိုးတန်းသုံး စက်လှေ ၁ စီး၊ ကား ၃ စီးနှင့် လက်နက်/ ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား ရှမ်းပြည်နယ်မှမန္တလေးသို့ သယ်ဆောင်၍ မန္တလေးတွင်သိုလှောင်ကာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့သို့ ထပ်မံသယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မလေးရှားနိုင်ငံ ရေပိုက်နက်သို့ သယ် ဆောင်ခြင်းဖြစ်ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ယင်းကဲ့သို့ မလေးရှားရေပိုင်နက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ဥပဒေအရထိရောက်စွာ အရေးယူထားပြီး၊ ဆက်စပ်ပါဝင်သူများကို ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။