Trending Now

ပြည်သူကို အလေးထားသင့်တဲ့ လျှပ်စစ် အရေး

Spread the love

ပြည်သူကို အလေးထားသင့်တဲ့ လျှပ်စစ် အရေး
EPN
ဆောင်းပါး
၂၀၂ဝ ခုနှစ်၊ ဇူလိုင် ၂၅ ရက်
မနေ့ညက မြန်မာတစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။လျှပ်စစ်မီး ပြတ်တောက်ခြင်းမှာ ထူးဆန်းခြင်း မဟုတ်သော်လည်း အခုလို တစ်နိုင်ငံလုံး တစ်ချိန်တည်း ပြတ်တောက်မှုကြောင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ဒါ့အပြင် လျှပ်စစ်မီး ကာလကြာရှည်စွာ ပြတ်တောက်ခြင်းနဲ့ ယနေ့နံနက် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်သော သတင်းများကြောင့်လည်း ပြည်သူများအကြားမှာ လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
ယမန်နေ့ညက ကာလကြာရှည်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းနဲ့အတူ ယနေ့နံနက်မှာ နိုင်ငံပိုင် သတင်းစာကနေ သေဒဏ်ချမှတ်ခံထားရတဲ့ ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီ အပါအဝင် လေးဦးကို ပြစ်ဒဏ်စီရင်‌ ဆောင်ရွက်ပြီးစီးကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ပြည်သူတွေအကြား သို့လောသို့လော မေးခွန်းတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ထိုသတင်းနှစ်ခုအကြား ဆိုရှယ်လ်မီဒီယာ သတင်းစာမျက်နှာပေါ်မှာ ဆိုရင်လည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြောဆိုဝေဖန်မှုတွေနဲ့ အတော်လေး အုံကြွခဲ့ရပါတယ်။ အဓိ အကြောင်းရင်းကတော့ လျှပ်စစ်မီး ဘာကြောင့် ပြတ်တောက်ရတယ် ဆိုတာကို အချိန်မီ ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိတာပါပဲ။
ထိုထုတ်ပြန်ချက်မှာ ဆိုရင်လည်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော်အတွင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းလုပ်ရပ်များတွင် ဖြိုးဇေယျာသော် (ခ) မောင်ကျော်(ခ)ရေခဲ၊ ကျော်မင်းယု (ခ) ဂျင်မီ၊ လှမျိုးအောင် (ခ) ကိုမျိုး (ခ) ဝက်ကြီးနှင့် အောင်သူရဇော် (ခ) ကတုံး(ခ) သူရ တို့သည် ရက်စက်ပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ် များဖြစ်သော အကြမ်းဖက် သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက် ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ အများ အပြား သေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာစစ်ခုံရုံး အသီးသီးက ကျူးလွန်သည့် ပြစ်မှုအလိုက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ များဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှား သဖြင့် တရားခံလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံ လေးဦးအပေါ် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများ အတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ် ကြောင်း သက်ဆိုင်ရာမှသတင်းရရှိသည် လို့ ရေးသားဖော်ပြထားပါတယ်။
ထို့အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုရင်လည်း ယမန်နေ့ ည ၁၁ နာရီကျော်ကနေ နံနက် ၉နာရီခွဲဝန်းကျင်အထိကို မီးများ ပြတ်တောက်ခဲ့ပါတယ်။လက်ရှိ မြစ်ကြီးနား မြို့ပေါ်မှာကို လျှပ်စစ်မီးတွေ မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အခုလို ကာလကြာရှည်စွာ ပြတ်တောက်လိုက်တဲ့အတွက် ပြည်သူတွေအကြား စိုးရိမ်မှုတွေ တိုးပွားလာခဲ့ရပါတယ်။ လျှပ်စစ်မီးတွေ မကြခဏ ပြတ်တောက်နေတဲ့အတွက် ပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတာပါ။ စက်သုံးဆီစျေးတွေ အနည်းငယ်ကျဆင်းလာတယ် ဆိုပေမယ့်လည်း စက်မှု လက်မှုလုပ်ငန်းတွေ အဆင်ပြေစေမယ့် နှုန်းထားအထိတော့ မရောက်သေးပါဘူး။ နေ့ဘက်အချိန်မျိုးမှာ ခုလိုမျိုး ကာလကြာရှည်စွာ လျှပ်စစ်ပြတ်တောက်မှာကို အတော်လေး စိုးရိမ်ထိတ်လန့် နေကြတာပါ။ ပြည်သူတွေကို ယုံကြည်မှု တည်ဆောက်ရမယ့် ကာလမှာ စိုးရိမ်မှုတွေ ထပ်ပေးနေလို့ မဖြစ်ပါဘူး။
ကျွန်တော်ခဏခဏ ရေးသားခဲ့သလို ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူအများစုက လျှပ်စစ်မီးကို အဓိက အားထားနေကြတာပါ။
ပြီးခဲ့တဲ့ အပတ်က EPN သတင်းဌာနရဲ့ အယ်ဒီတာအာဘော် ဖြစ်တဲ့ “ပွင့်လင်းမြင်သာမှုလေးပါပဲ” https://www.facebook.com/100791942286161/posts/197210775977610/ ဆိုတဲ့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတဲ့ကိစ္စ ရေးသားခဲ့ပြီးနောက်မှာ မြစ်ကြီးနား အ‌ခြေစိုက် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဘူးဂါးကုမ္ပဏီက အခုလ ဇူလိုင်လ ၂၂ ရက်နေ့က စပြီး ဘာကြောင့် လျှပ်စစ်မီး ပြတ်တောက်ရတယ်၊ ဘယ်ရပ်ကွက်တွေမှာ မီးခဏပျက်မယ်ဆိုတဲ့ အကြောင်းကို သူ့တို့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေ့ါမှာ သုံးလအတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်လာတာကို တွေ့ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီလို ထုတ်ပြန် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောင်ကိုလည်း မီးပြတ်မယ်ဆိုရင်လည်း ဘယ်နေ့၊ ဘယ်အချိန်ထိဖြတ်မယ် ဆိုတာမျိုး၊အကယ်၍ အကြောင်းတစ်ခုခုကြောင့် မတော်တဆ မီးပြတ်တောက်ခဲ့မယ် ဆိုပါကလည်း မည်သည့်အကြောင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်ကို ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြမှုကို လိုအပ်နေတာပါ။
အခုလို တစ်ညလုံး လျှပ်စစ်မီးပြတ်တောက်ခဲ့တဲ့အတွက် ပြည်သူ့ဘက်က စိုးရိမ်မှုတွေရှိနေပေမယ့်လည်း အခုချိန်အထိ ပြည်သူကို ချပြတာမျိုး တစ်ခုမှ မတွေ့ရသေးပါဘူး။ ပြည်သူလိုအပ်တာက အနည်းငယ်လေးပါ။ ကြီးကြီးမားမား တောင်းဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ဘာကြောင့်ဆိုတဲ့ အဖြေကို အကျိုးသင့်အကြောင်းသင့်လေး ရှင်းပြပေးတာကို လိုအပ်နေတာပါ။
အခုလို အကြပ်အတည်းကာလမှာ လျှပ်စစ်မီးက သူတို့အတွက် အဓိက အလေးထားရာ တစ်ခုအဖြစ် ပိုပြီးသရုပ်ဆောင်လာခဲ့ပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုက စီးပွားရေးတွင်သာမက၊ လူမှုရေး၊ ပညာရေးတွေပါ ထိုခိုက်မှုများစွာ ရှိလာစေပါတယ်။ဒီလို ကဏ္ဍတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း လူဦးရေရဲ့ ၃၀ရါခိုင်နှုန်းလောက်ပဲ လျှပ်စစ်မီးကို သုံးစွဲနိုင်တာပါ။ ဒီ ၃၀ ရာခိုင်နှန်းတောင်မှ လျှပ်စစ်မီးကို အပြည့်အဝ သုံးစွဲခွင့်မရတဲ့အတွက် မြန်မာ့လျှပ်စစ်ကဏ္ဍဟာ အခြေအနေ အတော်လေးဆိုးနေတယ်လို့ သုံးသပ်မိပါတယ်။လျှပ်စစ်ကဏ္ဍမြှင့်တင့်ဖို့အတွက် နိုင်ငံပိုင်မီဒီယာတွေကနေ လုပ်ငန်းစဥ်တွေ တင်ပြနေပေမယ့်လည်း လက်တွေ့မြေပြင်မှာတော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှု တစ်ခုမှ မတွေ့ရသေးပါဘူး။ ဒီပုံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ၂၀၃၀ခုနှစ် မြန်မာတစ်နိုင်ငံလုံး မီးလင်းရေးစီမံချက်လည်း အတော်လေးကို အလှမ်းဝေးနေဆဲ ဖြစ်နေမှာပါပဲ။
လက်ရှိ ပြည်သူတွေကို မီးပေးဝေနေတဲ့ အခြေအနေနဲ့အကြောင်းအရာလေးကိုပဲ သိသာထင်ရှားစွာ ချပြပေးစေလိုတာပါ။ လက်ရှိဖြစ်ပျက်နေတာက မီးပြတ်တော့လဲ သြော်မီးပြတ်သွားပြီ၊ မီးလာတော့လဲ့ မီးလာပြီဟေ့ ဆိုတဲ့ ယခင့်ယခင်က သုံးခဲ့တဲ့ နည်းလမ်းဟောင်းတွေကို ပြည်သူတွေက မုန်းနေပါပြီ။ အကျိုးသင့် အကြောင်းသင့်ကို ပြည်သူကလိုအပ်နေတာပါ။ မနေ့ညက လျှပ်စစ်မီးပြတ်တောက်ခဲ့တာက တစ်ညတာလေးဆိုပေမယ့် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုက အတိုင်းအဆမရှိပါဘူး။ ခုလိုမျိုးနိုင်ငံရေးရှုပ်ထွေးကြပ်တည်းနေတဲ့ ကာလမှာ ပိုလို့တောင် စိုးရိမ်မှုက ပြင်းထန်ပါသေးတယ်။ ဒီလို အခြေအနေမှာ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို လျော့ချပေးဖို့ လိုအပ်ပါတယ်။ ပြည်သူ့အရေးကို ဂရုစိုက်တယ်ဆိုရင် ပြည်သူ့ဘက်ကို တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။ ။
ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။