Trending Now

မီးဘေးအန္တရာယ် တစ်ခုဖြစ်သော လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်ခြင်း

Spread the love

မီးဘေးအန္တရာယ် တစ်ခုဖြစ်သော လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်ခြင်း

EPN ဆောင်းပါး
ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်
ကျောစိုးသူ ရေးသားသည်။

မိမိကိုယ်တိုင် အပါအဝင် လူအများစုက ဖယောင်းတိုင်မီး၊ လောင်စာဆီမီးနဲ့ ဂက်စ်မီးတွေဟာ မီးဘေးအန္တရာယ်အတွက် ဂရုစိုက်ကြရမယ်ဆိုတာ နားလည်ထားကြပေမယ့် လျှပ်စစ်မီးကနေတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားနိုင်တာ၊ မီး ဘေးအန္တရာယ် ရှိတာတွေကိုတော့ သိပ်သတိမထားမိတတ်ကြပါဘူး။

လျှပ်စစ်မီးဆိုတာ အသုံးချတတ်ရင် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သလို၊ အသုံးမချတတ်ရင်တော့ ကြောက်စရာအကောင်းဆုံး ရန်သူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာနဲ့ မီးလောင်မှုဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ လျှပ်စစ်မီးကလည်း အဓိက ပါဝင်နေတယ်ဆိုတာကို သတိထားသင့်ပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလထဲမှာ မြန်မာတစ်နိုင်ငံလုံးအနှံ့ လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုဖြစ်စဥ်တွေကို လေ့လာကြည့်တဲ့အခါမှာ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းရတဲ့ ဖြစ်စဥ်တွေလည်း ပါဝင်မှုများနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အကြောင်းရင်းကို ဆန်းစစ်ကြည့်တဲ့အခါ လူအတော်များများက လျှပ်စစ်မီးလာချိန်မှာ ဖုန်း၊ ပါဝါဘဏ့်နဲ့ တခြား လျှပ်စစ်အားသွင်းအသုံးပြုရတဲ့ ပစ္စည်းတွေကို အားသွင်းကြပါတယ်။ လျှပ်စစ်မီးပျက်သွားချိန်မှာတော့ ပိတ်ဖို့ကိုမေ့ပြီး ဒီအတိုင်းအားသွင်းလက်စနဲ့ ထားကြပါတယ်။ အဲဒီလို ထားလိုက်တဲ့အတွက် လျှပ်စစ်မီးပြန်လာချိန်မှာ အားသွင်းထားတာတွေက လိုအပ်တာထက် အားအပြည့်လွန်ပြီး မခံနိုင်တဲ့အဆုံးမှာ အပူလွန်ကဲပြီးတော့ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းတာတွေ ဖြစ်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။

လျှပ်စစ်မီးကနေတစ်ဆင့် မီးလောင်နိုင်တဲ့ အကြောင်းရင်းတွေထဲမှာ အရည်အသွေး မပြည့်မီတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ သတ်မှတ်ကာလ သက်တမ်းထက် ကျော်လွန်တဲ့ လျှပ်စစ်ပစ္စည်းတွေ တပ်ဆင်ထားတာ။ ပလပ်ခုံနဲ့ မီးကြိုးတွေက ဟောင်းနွမ်းပြီး အရည်အသွေးမကောင်းတာတွေကို တပ်ဆင်အသုံးပြုထားရင် ချို့ယွင်းပျက်စီးတာတွေဖြစ်ပြီး မီးလောင်ကျွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ပေါက်ပြဲနေတဲ့ မီးကြိုးတွေရှိရငိ အမြန်ဆုံး လဲလှယ်သင့်ပြီး၊ မလဲလှယ်နိုင်သေးရင်လည်း ကြမ်းပြင်၊ ကော်ဇော၊ ခန်းစည်းတွေနဲ့ ဝေးရာမှာ ထားသင့်ပါတယ်။

ဒါ့အပြင် မီးအိမ်တွေနဲ့ အသေတပ်ဆင်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့နေရာမှာ ဝပ်အားအရမ်းမြင့်တဲ့ မီးသီးတွေ တပ်ဆင်တာကလည်း မီးလောင်နိုင်ပါတယ်။ အဲဒီနေရာမှာ မီးသီးတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို တပ်ဆင်တဲ့အခါ သူတို့ရဲ့ ခံနိုင်ရည်အားတွေနဲ့ ဝပ်အားတွေကို တွက်ချက်ပြီးမှ တပ်ဆင်သင့်သလို မီးအိမ်တွေရဲ့အပေါ်မှာ အဝတ်အစားတွေနဲ့ စာရွက်စာတမ်းတွေကို ရေရှည်ထားတာကလည်း အပူလွန်ပြီး မီးလောင်စေနိုင်တာကို ဂရုစိုက်သင့်ပါတယ်။

နောက်တစ်ချက်က အိတ်စတန်းရှင်းကြိုးတွေပါ။ အိမ်တွေ၊ ရုံးတွေနဲ့ နေရာတော်တော်များများမှာ အိတ်စတန်းရှင်းကြိုးတွေကို တော်တော်များများလသုံးလေ့ရှိကြပါတယ်။ အဲဒီ အိတ်စတန်းရှင်းကြိုးကို လိုအပ်တာထက်ပိုပြီး အလွန်အကျွံ အသုံးချတာကလည်း မီးဘေးအန္တရာယ် ဖြစ်လာစေနိုင်ပါတယ်။ အိတ်စတန်းရှင်းဟာ ခဏတဖြုတ်အ တွက်ပဲ သုံးတာကောင်းပါတယ်။ ရေရှည်အသုံးပြုရင်တော့ အန္တရာယ်များပါတယ်။ ဒါ့ကြောင့် ကိုယ်သုံးရမယ့် ပမာဏများတယ်ဆိုရင် အိတ်စတန်းရှင်းအစား ရေရှည်သုံးနိုင်မယ့် ပလပ်ခုံဆင်တာက ပိုကောင်းပါတယ်လို့ အကြံပြုချင်ပါတယ်။

လျှပ်စစ်ကြိုး သွယ်တန်းရာမှာ စနစ်မကျရင်လည်း ဝိုင်ယာကြိုးတွေ ရှော့ဖြစ်ပြီး မီးလောင်နိုင်ပါတယ်။ အရည်အသွေး မပြည့်မီတဲ့ ကြိုးတွေနဲ့ ပေါက်ပြဲနေတဲ့ကြိုးတွေကလည်း မီးလောင်ရတဲ့ အချက်တွေထဲက အဓိကကျတဲ့ အချက်တစ်ချက်အဖြစ် ပါဝင်နေပါတယ်။ သက်တမ်းကြာ မြင့်တဲ့ အဆောက်အဦးတွေရဲ့ဝိုင်ယာကြိုးတွေမှာ သူတို့ခံနိုင်ရည်ထက်ပိုတဲ့ လျှပ်စစ်ပစ္စည်းတွေ သုံးတဲ့အခါ မီးလောင်နိုင်ခြေ များပါတယ်။

ကွန်ပျူတာတွေ အလွန်အကျွံ တပ်ဆင်အသုံးပြုတာ၊ ကွန်ပျူတာဂိမ်းအလွန်အကျွံ ဆော့တာ၊ မီးဖိုတွေနဲ့ အဲယားကွန်းတွေကို အလွန်အကျွံ အသုံးပြုတာတွေကလည်း ဝိုင်ယာတွေ အပူလွန်ပြီး မီးလောင်နိုင်တာကို သတိပြုသင့်ပါတယ်။

ကမ္ဘာအနှံ့မှာ နှစ်စဉ်နှစ်တိုင်း လျှပ်စစ်မီးကြောင့် မီးလောင်ကြွမ်းမှု အကြိမ်ပေါင်း ၅၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၀၀ ဦးကျော်နဲ့ ဒဏ်ရာရသူ ၁၄၀၀ ဦးကျော် ရှိနေသလို ပျက်စီးဆုံးရှုံးမှုတန် ဖိုးကလည်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက်ရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် နွေရာသီရောက်လာပြီ ဆိုတာနဲ့ တိုင်းနဲ့ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ လျှပ်စစ်မီးကြောင့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှု မဖြစ်ပွားစေဖို့ မီးလောင်မှု/ မီးလန့်မှုတွေ လျော့နည်းကျဆင်းဖို့အတွက် ရပ်ကွက်/ ကျေးရွာတွေထဲမှာရှိတဲ့ စက်ရုံ/ အလုပ်ရုံတွေ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းတွေ၊ စက်သုံးဆီ အရောင်းဆိုင်တွေ၊ စျေးတွေ၊ ဌာနဆိုင်ရာရုံးတွေနဲ့ အခြားမီးဘေး စိုးရိမ်ရတဲ့ လုပ်ငန်းတွေမှာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုတာ၊ အသိပညာပေး ဟောပြောပို့ချတာ၊ လက်တွေ့ဇာတ်တိုက် လေ့ကျင့်တာတွေကို လုပ်ဆောင်နေကြပါတယ်။

ဒါ့အပြင် ရပ်ကွက်/ ကျေးရွာတွေအလိုက် နေအိမ်တွေမှာလည်း မီးဘေးအန္တရာယ်မဖြစ်လာခင်မှာ ရှောင်ကြဥ်ရမယ့် အချက်တွေ၊ မီးလောင်ချိန်မှာ လုပ်ဆောင်ရမယ့်အချက်တွေ၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေဖို့ သတိပြုရမယ့် အချက်တွေကို လိုက်လံနှိုးဆော် အသိပေးတာတွေ၊ အိမ်တိုင်းမှာ မီးချိတ်မီးကပ် တပ်ဆင်ထားစေတာတွေကို လုပ်ဆောင်ပေးနေ ကြပါတယ်။

ဒါ့ကြောင့် လျှပ်စစ်မီးဆိုတာ သုံးတတ်ရင် ကိုယ့်အတွက် မိတ်ဆွေကောင်း ဖြစ်သလို မသုံးတတ်ရင်တော့ အန္တရာယ်တွေနဲ့ကြုံလာနိုင်တာကြောင့် အစဥ်ဂရုပြု သုံးစွဲကြစေဖို့ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကို ကြိုတင်နှိုးဆော်ပေးရင်း အကြံပြု ရေးသား‌တင်ဆက် လိုက်ရပါတယ်။

Photo – Crd

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။