Trending Now

ကျောက်စိမ်းလုပ်ကွက် တစ်ခုတွင် နွံကန်ပေါက်ကျမှုကြောင့် လူ (၃၀)ခန့် မျောပါသေဆုံး

Spread the love

ကျောက်စိမ်းလုပ်ကွက် တစ်ခုတွင် နွံကန်ပေါက်ကျမှုကြောင့် လူ (၃၀)ခန့် မျောပါသေဆုံး

EPN
မြစ်ကြီးနား၊ မတ် ၁၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်တွင် ယနေ့ မတ်လ (၁၂)ရက်နေ့၊ နံနက် (၄)နာရီခန့်က ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် နွံကန်ပေါက်ကျကာ အနီးရှိ ကျောက်ရှာသမားများ၊ ကားသမားများ ခန့်မှန်းလူဦးရေ (၃၀)ခန့် မျောပါသေဆုံးသွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

ယနေ့၊ နံနက်ပိုင်းက နွံကန်အောက်ခြေကို ဘတ်ဟိုးဖြင့် ကုတ်ရာမှတဆင့် နွံကန်ပေါက်ကျခဲ့သည်ဟု ယူဆမိကြောင်း ယင်းနွံကန်ပေါက်ကျမှုမှ လွတ်မြောက်လာတူတစ်ဦးက ပြောသည်။

” ညဘက်လဲ ကျောက်တူးတာတွေက မနားဘူး။ အောက်ခြေမှာလည်း ဘတ်ဟိုးတွေ၊ မြေသယ်ကားတွေနဲ့ ကျောက်ရှာဖွေတာတွေ လုပ်နေချိန် ဘတ်ဟိုးနဲ့ ကုတ်မိတယ်လိုတော့ ကျွန်တော်တို့က ယူဆတယ်။ နွံကန်အောက်ခြေကနေ ဘတ်ဟိုးတစ်စီးက မြေကုတ်နေတာ။ အောက်မှာရှိတဲ့ လူတွေရော၊ ကားတွေပါ နွံနဲ့အတူပါသွားတယ် ” ဟု ၎င်းကပြောသည်။

ယင်း ကျောက်စိမ်းလုပ်ကွက်မှာ ဦးချိုလုပ်ကွက်အတွင်းရှိ နွံကန်ဖြစ်ကာ နွံကန်ပေါက်ကျမှုတွင် ဘတ်ဟိုး၊ မြေသယ်ကား စုစုပေါင်း (၁၃)စီးခန့်နှင့် ကုမ္ပဏီအလုပ်သမား (၃၀)ဦးခန့်မှာ နွံကန်ပေါက်ကျမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နွံကန်ပေါက်ကျမှုတွင် ပါဝင်သွားသူများကို ကယ်ဆယ်ရေးများဆောင်ရွက်လျက်ရှိကာ အသက် (၄၉)နှစ်အရွယ် ဦးမျိုးညွှန့်ဆိုသူ၏ သေဆုံးနေသည့် ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာများ ရရှိထားသူ ကိုဖြိုးဝေတိုး၊ ကိုကျော်ဇင်ဝိုင်း၊ ကိုဟိန်းမင်လတ်၊ ကိုစည်သူမျိုးတို့ကို ဖားကန့်မြို့နယ် ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ မတ်လ (၆)ရက်နေ့ကလည်း မနမှော်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ အမျိုသားတစ်ဦး ဦးခေါင်းခဲမှန်ကာ နေရာမှာပင် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။