Trending Now

ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အခြေခံအသက်မွေးဝမ်းကြောင်း ပညာသင်တန်း သုံးမျိုးကို အခမဲ့သင်ကြား ပို့ချပေးသွားမည်

Spread the love

ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အခြေခံအသက်မွေးဝမ်းကြောင်း ပညာသင်တန်း သုံးမျိုးကို အခမဲ့သင်ကြား ပို့ချပေးသွားမည်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလအတွင်း အခြေခံ အသက်မွေးဝမ်းကြောင်း ပညာသင်တန်း သုံးမျိုးကို အခမဲ့ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးမှ သိရသည်။

ယင်း အသက်မွေးဝမ်းကြောင်း ပညာသင်တန်း သုံးမျိုးမှာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အခြေခံလျှပ်စစ် သံဂဟေဆက် နည်းပညာသင်တန်းတို့ ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ဇန်နဝါရီလ ပထမပတ် နောက်ဆုံးထားကာ အမည်စာရင်း ပေးပို့ရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းရုံးမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

” လာမယ့် ဇန်နဝါရီလ အတွင်းမှာ ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုကနေ အခြေခံ အသက်မွေးဝမ်းကြောင်း ပညာသင်တန်းတွေကို အခမဲ့ သင်ကြားသွားမှာ ဖြစ်တယ်၊ သင်တန်းတွေ တက်ရောက်ခြင်းအားဖြင့် တစ်ပိုင်တနိုင် လုပ်ငန်းလေးတွေ ပေါ်ထွန်းလာဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ် ” ဟု ၎င်းက ပြောသည်။

အဆိုပါ သင်တန်းတွင် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းမှ ဆပ်ပြာဆီအမျိုးမျိုး၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်အမျိုးမျိုး၊ Hand Gel ပြုလုပ်နည်းများကို လည်းကောင်း၊ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း မှ ဒေသထွက် သီးနှံဖျော်ရည် အမျိုးမျိုး၊ ယိုအမျိုးမျိုး၊ Snack အမျိုးမျိုး၊ Barkery အမျိုးမျိုး ပြုလုပ်နည်းများကို လည်းကောင်း၊ အခြေခံ လျှပ်စစ် သံဂဟေဆက်နည်းပညာ သင်တန်းမှ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဂဟေဆက်ခြင်းဆိုင်ရာ အခြေခံများ၊ ဂဟေဆက်ရာတွင် အန္တရာယ်ကင်းစေရန် လိုက်နာရမည့် အချက်များ၊ ဂဟေဆက်အမျိုးမျိုး၊ ရှီးမက်တယ် လျှပ်ပန်းဂဟေဆက်ခြင်း၊ ဂတ်စ်မက်တယ် လျှပ်ပန်းဂဟေဆက်ခြင်းများကို သင်ကြားပို့ချသွားမည်ဟု သိရသည်။

ယင်း လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ရက်သတ္တပတ်ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံလျှပ်စစ် သံဂဟေဆက်နည်း ပညာသင်တန်းကို တစ်လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတစ်ခုလျှင် လူဦးရေ (၂၀) သာ သင်ကြားပို့ချ ပေးသွားမည်ဟုလည်း သိရသည်။

“ အခုလို သင်တန်းတွေကနေ သင်တန်းဆင်း လက်မှတ်တွေ ချီးမြှင့်သွားမှာဖြစ်တဲ့အပြင် လုပ်ငန်းခွင်တွေမှာ ဝင်ရောက်နိုင်အောင် ဒါမှမဟုတ် ကိုယ်ပိုင် တစ်ပိုင်တနိုင် လုပ်ကိုင်မယ်ဆိုလဲ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကနေ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ် ” ဟု ပြည်နယ် အသေးစား စက်မှုလုပ်ငန်း ဦးစီးဌာနရုံး တာဝန်ရှိသူ က ဆက်လက်ပြောပြသည်။

ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် အခြေခံ အသက်မွေး ဝမ်းကြောင်းပညာ သင်တန်းများကို (၂၀၁၅) ခုနှစ် က စတင်ကာ သင်ကြားပို့ချပေးလျှက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၀၀၀ (သုံးထောင်) ဦးခန့်ကို မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။