Trending Now

ဥပဒေမဲ့ လက်နက်ကိုင်ဆောင်သူကို တွေ့ရှိပါက ဘယ်သူမဆို ဖမ်းဆီးနိုင်တယ်လို့ န.စ.က ထုတ်ပြန်

Spread the love

ဥပဒေမဲ့ လက်နက်ကိုင်ဆောင်သူကို တွေ့ရှိပါက ဘယ်သူမဆို ဖမ်းဆီးနိုင်တယ်လို့ န.စ.က ထုတ်ပြန်

EPN
မြစ်ကြီးနား၊ မေ ၁၂

အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ဥပဒေနဲ့ဆန့်ကျင်ပြီး လက်နက်ကိုင်ဆောင်တာ၊ လက်ဝယ်ထားရှိတာ၊ သယ်ယူတာတွေ တွေ့ရင် အဲ့ဒီလူကို ပြည်သူတွေအပါအဝင် ဘယ်သူမဆိုဖမ်းဆီးနိုင်တယ်လို့ န.စ.က ရဲ့ မေ ၁၁ ရက်စွဲ နဲ့ ပြဋ္ဌာန်းလိုက်တဲ့ လက်နက်ဥပဒေထဲမှာ‌ ဖော်ပြထားပါတယ်။

ဒီလိုဆောင်ရွက်တဲ့ သူဟာ ရဲတပ်ဖွဲ့ဝင်မဟုတ်ပါက ဖမ်းဆီးရမိသူနဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကို ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုဖြစ်စေ နီးစပ်ရာ ရဲစခန်းတစ်ခုကို ဖြစ်စေ အမြန်ဆုံးအပ်နှံရမယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ဆိုတဲ့ နေရာမှာ အိမ်သုံး၊ လယ်ယာသုံးဓားတွေနဲ့ အခြားလုပ်ငန်းသုံး ဓားတွေအပါအဝင် ဓားတွေကို အန္တရာယ်ပြုဖို့ရည်ရွယ်ကာ သယ်ဆောင်သွားလာပါက အဲ့ဒီဓားတွေကိုလည်း လက်နက်အဖြစ် သတ်မှတ်ကြောင်း ဥပဒေထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘယ်နေရာတွေမှာမဆို လက်နက်ကို လိုင်စင် ဒါမှမဟုတ် ခွင့်ပြုမိန့် မရှိဘဲ သယ်ယူတာ၊ လက်ဝယ်ထားရှိတာ၊ ကိုင်ဆောင်တာတွေကို သက်ဆိုင်ရာက သတင်းရရှိရင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒါမှမဟုတ် ရဲစခန်းမှူးက အဲဒီနေရာကို ဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ သက်သေခံ ပစ္စည်း သိမ်းဆည်းတာတွေကို ဆောင်ရွက်နိုင်တယ်လို့လည်း ဥပဒေမှာ ပါရှိပါတယ်။

လိုင်စင်နဲ့ ဖြစ်စေ ခွင့်ပြုမိန်နဲ့ ဖြစ်စေ သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးနေတဲ့ သေနတ်နဲ့ ခဲယမ်းတွေကို ကိုင်ဆောင်လက်ဝယ်ထားရှိပါက ‌သုံးလထက် မပိုတဲ့ ထောင်ဒဏ် ဖြစ်စေ ကျပ်တစ်သိန်းကနေ သုံးသိန်းထိ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။