Trending Now

တနိုင်းမြို့၌ ညမထွက်ရအမိန့်ဖောက်ဖျက် ကျူးလွန်သူ သုံးဦးကို ထောင်တစ်လစီချမှတ်

Spread the love

တနိုင်းမြို့၌ ညမထွက်ရအမိန့်ဖောက်ဖျက် ကျူးလွန်သူ သုံးဦးကို ထောင်တစ်လစီချမှတ်

 

EPN
တနိုင်း၊ မေ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊တနိုင်းမြို့၌ ညမထွက်ရအမိန့် ကျူးလွန်သူ သုံးဦးထပ်တိုးလာပြီး ထောင်တစ်လစီအမိန့်ချမှတ်လိုက်ကြောင်း တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

အဆိုပါသုံးဦးကို မေလ(၇)ရက်နေ့ညကဖမ်းဆီးထားပြီး ယမန်နေ့ မေ(၈)ရက်နေ့တွင် တနိုင်းမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ထောင်တစ်လစီအမိန့်ချမှတ်လိုက်ကြောင်း တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးဝင်းညွန့်က ဆိုသည်။

”သူတို့အားလုံးက တစ်ညထဲမှာ ကျူးလွန်ထားတဲ့ သူတွေပါ။ ကင်ဆားရာရပ်ကွက်ကတစ်ယောက်။ ဒူးကောင်းကရပ်ကွက်က နှစ်ယောက် ။”ဟု ရဲမှူးဝင်းညွန့်ကပြောသည်။

တနိုင်းမြို့တွင် ညမထွက်ရအမိန့်ကျူးလွန်သူ မေလ(၅)ရက်နေ့က သုံးဦးအရေးယူထားပြီဖြစ်၍ ယနေ့အထိ ယင်းအမိန့်ကျူးလွန်ထားသူ ခြောက်ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါခြောက်ဦးအနက် ငါးဦးကိုထောင်ဒဏ်တစ်လစီချခံစေပြီး တစ်ဦးမှာ အသက်(၁၈)နှစ်အောက် ဖြစ်သောကြောင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ ဒဏ်ငွေငါးသောင်းသာ ချမှတ်ထားကြောင်း သိရသည်။

”ဒီတနိုင်းအနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ ဒီအမိန့်ကို လိုက်တော့ လိုက်နာကြတာပေါ့ ဒါပေမယ့်လဲ လိုက်နာမှုက အားနည်းနေသေးတယ်”ဟု ရဲမှူးဝင်းညွန့်က ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ တနိုင်းမြို့နယ်အတွင်း၌ မှုခင်းကျဆင်းရေးနှင့် COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ညမထွက်ရ အမိန့်ကျူးလွန်သူမရှိစေရေးတို့အတွက် မြို့နယ် COVID-19 ထိန်းချုပ်ကာကွယ်ကုသရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ညစဉ် လုံခြုံရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိနေကြောင်း သိရသည်။

မြစ်ကြီးနားခရိုင် တစ်ခုလုံးတွင် မေလ (၆) ရက်နေ့ အထိ ညမထွက်ရအမိန့်ကျူးလွန်သူ (၈၁)ဦးအထိ ဖမ်းဆီးအရေးယူထားကြောင်း မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။