Trending Now

ဖားကန့်မြို့နယ် ဒေသခံများ အရေးကြီးကိစ္စနှင့် ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာပါက ဝှေလုံလမ်းကိုသာ အဓိကထား အသုံးပြုနေရ

Spread the love

ဖားကန့်မြို့နယ် ဒေသခံများ အရေးကြီးကိစ္စနှင့် ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာပါက ဝှေလုံလမ်းကိုသာ အဓိကထား အသုံးပြုနေရ

EPN
မြစ်ကြီးနား၊ ဩဂုတ်၂၄

ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမူကြောင့် ကားလမ်းပိုင်းအချို့ ယာယီပိတ်ထားခံရပြီး ဒေသခံများအနေဖြင့် အရေးကြီးကိစ္စနှင့် ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာပါက ဝှေလုံလမ်းကိုသာ အဓိကထားအသုံးပြုနေရကြောင်း မြစ်ကြီးနား – ဖားကန့် ပြေးဆွဲသည့် ကားဆရာများထံမှ သိရသည်။

မြစ်ကြီးနား – ဖားကန့် လမ်းပိုင်းဖြစ်သည့် နန့်ယားဂိတ်နှင့် မအူပင်ကျေးရွာ မရောက်မီ ကျောက်ထု KIA ဂိတ်တို့တွင် အတက်အဆင်းကားများအား ဖြတ်သန်းသွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း လက်ရှိတွင် ဆိုင်းတောင် – ဝှေခါ – အင်းတော်လမ်းကိုသာ အသုံးပြုနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ၃ ရက်လောက်ရှိပြီ တိုက်ပွဲတွေကြောင့် ကားလမ်းတွေ ပိတ်ထားတာ။ ဂိတ်မှာ ပိတ်မိတဲ့ကားတွေလည်း ပြန်ခိုင်းနေတယ်ပြောတယ်။ အရေးအကြောင်းသုံးတာက ဆိုင်းတောင် – ဝှေခါ – အင်းတော်လမ်းကို သုံးနေရတယ်။ ဆယ်ဇင်းဘက်ကလဲ သွားလာခွင့်တော့ပြုထားပြီ။ ဝှေလုံလမ်းကလည်း မိုးရွာတော့ အတော်လေးဆိုးတယ်။ မဖြစ်မနေတော့ သုံးနေရတယ် ” ဟု ၎င်းကပြောသည်။

ယမန့်နေ့ ဩဂုတ်လ ၂၂ရက်နေ့ မနက်ပိုင်းအချိန်က ဖားကန့်သွားသည့် လမ်းပိုင်းတွင် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နန့်ယားစစ်ဆေးရေးဂိတ်တွင် အဆင်း၊ အတက် ကားများကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး၊ ဩဂုတ်လ ၂၃ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ကျောက်ထု KIA ဂိတ်တွင် မည်သည့်ကားမှ ဖြတ်သန်းခွင့်မပေးသည့်အတွက် ကားများပိတ်မိနေကြောင်း သိရသည်။

” နန့်ယား ဂိတ်နားကတော့ မနေ့က မနက်ပိုင်းကပြန်ဖွင့်ပေးထားတယ်။ ကျောက်ထု KIA ဂိတ်ကိုတော့နေလည်ပိုင်းပြန်ပိတ်ထားကြတာ ” ဟု အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် ဂိတ်တွင်ပိတ်မိနေသည့် ကားဆရာများ နီးစပ်ရာ ကျေးရွာအတွင်းဝင်ရောက် ခိုလှုံခဲ့ရပြီး၊ ယမန့်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ကလည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် နန့်ယားကျေးရွာအနီးရှိ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများ ရပ်နားနေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ကားလမ်းများ အမြန်ပြန်လည်ဖွင့်ပေးရန် လိုလားနေကြကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။