Trending Now

မန္တလေး၌ အဆောင်မှ နှင်ချခံရသည့်အလုပ်သမား ၂၅ ဦး နေစရာအခက်အခဲဖြစ်နေ

Spread the love

မန္တလေး၌ အဆောင်မှ နှင်ချခံရသည့်အလုပ်သမား ၂၅ ဦး နေစရာအခက်အခဲဖြစ်နေ

EPN
ရန်ကုန်၊ ဇွန်လ၈

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မန္တလာလက်တွန်းထွန်စက်၊ စက်ရုံအဆောင်နေအလုပ်သမားများကို အဆောင်မှနှင်ချသဖြင့်နေထိုင်ရေး အခက်အခဲဖြစ်နေကြောင်းအလုပ်သမားအရေး ကူညီပေးနေသူများထံမှသိရသည်။

မင်္ဂလာ လက်တွန်းထွန်စက်ရုံ အလုပ်သမား ၁၄၁ ဦးအား ကြိုတင်အသိပေးမှုမရှိဘဲယခုလ ၅ ရက်တွင် စက်ရုံ(ယာယီ)ပိတ်သိမ်းမည်ဟုဆိုကာ အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အလုပ်ထုတ်ခံရသော အလုပ်သမား ၁၄၁ ဦးမှအလုပ်သမား ၉၀ ခန့်သည် အလုပ်ရှင်မှပေးသော အလုပ်ထုတ်နစ်နာကြေးယူခဲ့ကြသော်လည်း အဆောင်နေအလုပ်သမား ၂၅ ဦးအပါအဝင်အလုပ်သမား ၅၀ ကျော်သည်အလုပ်(ယာယီ) ပိတ်သိမ်းစဉ် ကြားကာလ ထောက်ပံ့ကြေးကို အလုပ်ရှင်မှ ပေးထားပြီး စက်ရုံပြန်ဖွင့်ပါက မူလရာထူး၊ လစာဖြင့်အလုပ်ပြန်လည်ခန့်ထားရေးအတွက် တောင်းဆို ညှိနှိုင်းခဲ့ကြခြင်း ဖြစ်ကြောင်းမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ် MICS စည်းရုံးရေးမှူး ကိုကျော်ဇင်ဟိန်းကပြောသည်။

” အလုပ်ရှင်က ဒီနေ့ညနေ နောက်ဆုံးထားပြီးအဆောင်နေတွေကို ဆင်းပေးဖို့ပြောတယ်၊အခုနယ်က အလုပ်သမားတွေက အထုတ်အပိုးတွေနဲ့ နေစရာမရှိဘူး” ဟု၎င်းကပြောသည်။

အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေး ပေးချေရာတွင်လည်း အနည်းဆုံး လုပ်ခလစာဖြင့်သာ တွက်ချက်ပေးခဲ့ကြောင်း သိရသည်။

စက်ရုံပိတ်ခြင်း၊ အလုပ်သမားများအား အလုပ်ထုတ်ခြင်းများ ပြုလုပ်ရာတွင်၎င်းအလုပ်သမားများ၏ နောက်ဆုံးထုတ်လုပ်ခလစာဖြင့် လုပ်သက်အလိုက်နစ်နာတွက်ချက် ပေးရမည်ဖြစ်ကြောင်းအလုပ်သမား ဥပဒေများတွင် ဖေါ်ပြထားသည်။

အလုပ်ထုတ်ခံရသောအဆောင်နေအလုပ်သမားများသည် မုံရွာ၊ ပခုက္ကူ ၊မြိုင် စသည့် နယ်ဒေသအသီးသီးမှ အလုပ်လာရောက်လုပ်ကိုင်ကြသူများဖြစ်ပြီး COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း နယ်ဒေသများသို့သွားလာရန် အခက်အခဲရှိခြင်း၊အလုပ်အကိုင်ရှားပါးမှု ပြသနာများကြောင့်လုပ်ငန်းခွင် တည်မြဲရေးအတွက် အလုပ်ရှင်နှင့်ညှိနှိုင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်နေစရာ အခက်အခဲဖြစ်နေသောအဆောင်မှနှင်ချခံရသည့် အလုပ်သမား ၂၅ ဦးသည်ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်အကူအညီတောင်းခံနေပြီး တာဝန်ရှိသူများနှင့်တွေ့ခွင့်ရရန် စောင့်ဆိုင်းလျက်ရှိကြောင်းသိရသည်။

သွေးသစ်
Photo – MPI


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။