Trending Now

ဝိုင်းမော် – လိုင်ဇာ လမ်းပိုင်းအတွင်းတပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ၍ ဒေသခံပြည်သူ အများအပြား ပိတ်မိနေ

Spread the love

ဝိုင်းမော် – လိုင်ဇာ လမ်းပိုင်းအတွင်းတပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ၍ ဒေသခံပြည်သူ အများအပြား ပိတ်မိနေ

EPN
ဝိုင်းမော်၊ မတ် ၉ (၂၀၂၄)

ဝိုင်းမော် – လိုင်ဇာ လမ်းပိုင်းအတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား မတ်လ (၇) ရက်နေ့၊ နံနက် ၅နာရီခွဲအချိန်ခန့်က တိုက်ပွဲပြင်းထန်ခဲ့ရာ ဒေသခံပြည်သူ အများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရန် မရရှိသေး၍ တိုက်ပွဲအတွင်း ပိတ်မိနေကြောင်း သိရသည်။

မတ်လ (၇) ရက်နေ့ နံနက် ၅နာရီခွဲအချိန်ကစ၍ ဝိုင်းမော် – လိုင်ဇာသွား လမ်းပိုင်းရှိ တပ်မတော်စခန်းများ ပြည်သူ့စစ် စခန်းများကို တစ်ပြိုက်နက်အတွင်း တိုက်ခိုက်ခဲ့၍ နှစ်ဖက်အဖွဲ့အစည်းများအကြား ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး၊ ဒေသခံပြည်သူ ‌တစ်ထောင်နီးပါး တိုက်ပွဲအတွင်း ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။

” သုံးရက်မြောက် နေ့အထိ တိုက်ပွဲ ပြင်းထန်နေတယ်။ ဘယ်သူမှ ထွက်မရသလို ဝင်လာလို့လည်း မရဘူး။ အောင်မြေ (၁) ကနေစပြီး KIA တွေက လမ်းပိတ်ထားတယ်။ ရွာထဲတွေကိုလည်း ကားတွေနဲ့ ပတ်နေတယ်။ ဘယ်သူမှ ထွက်မရဘူး အကုန်ပိတ်မိနေတယ် ” ဟု ၎င်းကရှင်းပြသည်။

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ခမရ (၃၂၁) တပ်ရင်းအား သိမ်းယူနိုင်ရန်အတွက် KIA၊ PDF ပူးပေါင်းအဖွဲ့မှ အင်အား အလုံးအရင်းသုံးကာ လမ်းကြောင်းပေါ် ရှိ တပ်စခန်းငယ်များကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

” ရွှေညောင်ပင် တပ်ရင်းကိုရဖို့ အနီးနားက စခန်း‌ငယ်တွေတော့ တိုက်လို့အကုန်ကျသွားပြီထင်တယ်။ ရွာထဲမှာလည်း KIA၊ PDF အဖွဲ့တွေပဲ ရှိနေတယ်။ တပ်ကလည်းပစ် ဒီဘက်ကလည်းပစ်နဲ့ ပြည်သူတွေပဲ နစ်နာ‌ရတယ်။ အိမ်တွေလည်း မီးလောင်နေပြီ။ ဘယ်ကိုမှ ပြေးမရဘူး။ အပြင်ထွက်ခွင့်လည်း မပြုဘူး။ အခုထိ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ ” ဟု ‌အောင်မြေ (၂) ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲများ ပြင်းထန်နေ၍ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကဟု ယူဆရသည့် လက်နက်ကြီးပစ်ကူများကိုလည်း ယမန်နေ့၊ ည ၉နာရီအချိန်ခန့်တွင် ၅လုံးနီးပါး ပစ်ကူမှု ပြုလုပ်ခဲ့ပြီး၊ မတ်လ ၉ ရက်နေ့၊ နံနက် ၆နာရီကျော် အချိန်ခန့်ကလည်း ထပ်မံ ပစ်ကူပေးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

” တိုင်းဌာနချုပ်က ပစ်တာနေမယ်။ ကြက် ပေါင်ခြံ ရက်ကွက်၊ ရမ်ပူရပ်ကွက် က နေအိမ်တွေတောင် တုန်သွားတယ်။ အသံတော်တော်ကျယ်တယ်။ ရပ်ကွက်ထဲလည်း ရုတ်ရုတ်သဲသဲကို ဖြစ်နေကြတယ်။ မြို့ပေါ် တိုက်ပွဲ ဖြစ်နေကြတယ် ထင်နေတာ ” ဟု အမည်မဖော်လိုသူ ကြက်ပေါင်ခြံရပ်ကွက်နေသူ ပြည်သူ တစ်ဦးက ပြောသည်။

ဝိုင်းမော်မြို့နယ်တွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့၍ လီဆူပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်းနှင့် အဖွဲ့ဝင်တချို့ မတ်လ (၇) ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ခန့်တွင် ခါးရှီ ကျေးရွာအနီးတွင် KIA၊ PDF ပူးပေါင်းအဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာအတွင်းရှိသည့် အင်လုံခ တံတားစောင့် ပြည်သူ့စစ်တပ်စခန်းအား KIA၊ PDF ပူး ပေါင်းအဖွဲ့က မတ်လ ၈ ရက်နေ့မှာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။