Trending Now

သဘာဝအလှတရားနဲ့ ရေအားလျှပ်စစ်

Spread the love

သဘာဝအလှတရားနဲ့ ရေအားလျှပ်စစ်
EPN
သတင်းဆောင်းပါး
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
အခုဆိုရင် နိုင်ငံတကာမှာလည်း ရေအားလျှပ်စစ်ကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြတာကို တွေ့မြင် ကြားသိနေရမှာဘဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဆိုရင်လည်း ကမ္ဘာပေါ်မှာ ဆောက်လုပ်နေဆဲ အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ ပိုင်ဟော့ထန်း ရေအားလျှပ်စစ်စက်ရုံ (Baihetan Dam) ရဲ့ နံပါတ် (၁၁) စက် အုပ်စုကို နိုဝင်ဘာလ ၂ ရက်နေ့က ၇၂ နာရီ စမ်းသပ်မောင်းနှင်မှု အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီး တရားဝင် လည်ပတ် ခဲ့တယ်လို့ သတင်းတွေမှာတွေ့မြင် နေရပါတယ်။ ဒါဟာ ရေအားလျှပ်စစ်ကို ဖွံ့ဖြိုးပြီး နိုင်ငံတွေကလည်း ဦးစားပေး ထုတ်လုပ်နေတယ်ဆိုတဲ့ အဓိက အချက်ပါပဲ။
ဒီနေရာမှာ အဓိက ပြောချင်တာက ရေအားလျှပ်စစ်ကို ထုတ်ယူတဲ့နေရာမှာ သဘာဝအရင်းအမြစ်တွေ၊ သဘာဝ အလှတရားတွေနဲ့ ရေသယံဇာတတွေကို အထူးဂရုစိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးမှာကို စိုးရိမ်စိတ်တွေကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးမှာ ကန့်ကွက်မှုတွေ မြောက်များစွာနဲ့ ကြုံတွေ့ ခဲ့ရတာကလည်း သာဓကတစ်ခုအဖြစ် ယူစရာဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဆိုရင်လည်း ရေအားလျှပ်စစ် တစ်ခု တည်ဆောက်တော့မယ်ဆိုရင် အခြေခံအချက်တွေအဖြစ် သဘာဝအရင်းအမြစ်တွေ မပျက်စီးစေဖို့၊ ရေသယံဇာတတွေ ဆုံးရှုံးမှု မရှိစေဖို့၊ ဒေသခံတွေ အလုပ်အကိုင် ပေါများစွာရရှိစေဖို့ စတဲ့ အခြေခံအချက်တွေကို တွက်ချက်ပြီးတော့မှ တည်ဆောက်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။အဓိက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဖို့မရှိစေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ရေအားလျှပ်စစ် ထုတ်ယူ ရရှိနိုင်ခြင်းရဲ့ အဓိကက ရေရှိရမယ်၊ ရေအားအမြင့် ရှိရမယ် ဆိုတဲ့ အချက်(၂) ချက် က အဓိက ပြ ဌာန်းနေလေတော့ ရေရှိပြီဆိုရင် ဘယ်လိုလုပ်လိုက်ရင် ရေကျအမြင့်ရမယ်၊ ဓာတ်အားထုတ်လို့ ရမယ်ပေါ့၊ အဲ့ဒီလို စဉ်းစားတတ်ကြပါတယ်။ ရေတံခွန် တွေ က ရေအားလျှပ်စစ် ထုတ်ယူနိုင်ဖို့အတွက် ရေနဲ့ ရေကျအမြင့်တွေက မြင်လွယ်ထင်လွယ် ရှိနေပြီးသားဆိုတော့ ရေတံခွန် တစ်ခုကို တွေ့လိုက်ရင် ရေအားလျှပ်စစ်ထုတ်ယူ လိုက်ရရင် ..ဘယ်လောက်တော့ အသာလေး ရမယ်၊ စဉ်စားမိတတ်ကြပါတယ်၊ ဒီတော့ မေးစရာတစ်ခု ဖြစ်လာပါတယ် ၊ ရေတံခွန်တွေ့တိုင်း ရေအားလျှပ်စစ် ထုတ်ယူနိုင်သလား၊ ထုတ်ယူသင့် သလားဆိုတဲ့ မေးခွန်း ပါပဲ၊ လျှပ်စစ်ရှားပါးတဲ့ အရပ်ဒေသတွေမှာနေတဲ့ ပြည်သူတွေက လျှပ်စစ်လိုချင်တော့ သူတို့ အရပ်ဒေသတွေမှာရှိတဲ့ ရေတံခွန်တွေကနေ ရေအားလျှပ်စစ် ထုတ်လို့ ရ/မရ စိတ်ဝင်စားစွာနဲ့ မေးတတ်ကြပါတယ်၊ရေရှိမယ်၊ အမြင့်ရှိမယ်ဆိုရင် ထုတ်လို့ ရပါတယ်၊ ဒါပေမယ့် အချို့သော ရေတံခွန် တွေက မိုးရာသီမှသာ ရေရှိတတ်ကြပြီး နွေရာသီမှာ ရေ မရှိတော့ ရေအားလျှပ်စစ် ထုတ်ရင် တွက်ချေမကိုက်နိုင်တဲ့ အခြေအနေပါ၊ အချို့ကျတော့လဲ လုံလောက်တဲ့ ရေထုထည် နဲ့ ရေစီးကမရှိ ဖြစ်နေတတ်ပါတယ်၊ နွေ ရော မိုးပါ အမြဲ ရေစီဆင်းနေတဲ့ ချောင်းကြီးတွေ၊ မြစ်ကြီးတွေမှာ ဖြစ်နေတဲ့ ရေတံခွန်ကြီးတွေ ကတော့ ရေအားလျှပ်စစ် ထုတ်ယူရန် အလွန် ကောင်းမွန် တတ်ကြပါတယ်။
ရေတံခွန်တိုင်းဟာ လှပတဲ့ အနေအထား တစ်မျိုးမျိုးနဲ့ တစ်မျိုးစီ လှပနေတတ်ကြပါတယ်၊ သူတို့ရဲ့ အလှတွေ နဲ့ လူတွေ ကို ဆွဲဆောင်ညှို့ယူ နေကြပါတယ်၊ လူတွေ ကလဲ ရေတံခွန်ရဲ့ အလှအပတွေ မှာ မိန်းမောခံစားပြီး ကျေနပ်နေတတ် ကြပါတယ်၊ အပန်းဖြေတတ်ကြပါတယ်၊ ဒါကြောင့် ရေတံခွန်ရှိရာ နေရာတွေဟာ အပန်းဖြေ အနားယူစခန်းတွေ၊ Resort တွေ ဖြစ် လို့နေပါတယ်။ ဒီတော့ ရေတံခွန် တွေကို တွေ့တိုင်း ရေအား လျှပ်စစ်ထုတ်ယူ သင့်သလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ရေတံခွန်တွေက ရေအားလျှပ်စစ် ထုတ်ယူ လိုက်ရင် ရေတံခွန်က တံခွန်လို ကျနေတဲ့ ရေတွေအားလုံးဟာ ဓာတ်အားထုတ်ယူတဲ့ ပိုက်လုံး ကြီးထဲကတစ်ဆင့် ဓာတ်အားထုတ်စက် တာဘိုင်ထဲကို ရောက်ပြီး မူလက လှပနေတဲ့ ရေတံခွန် ကြီးဟာ ချောက်ကမ်းပါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပါ တယ်။ အရုပ်ဆိုး အကျည်းတန် သွားပါတယ်။ ကြောက်စရာ ကောင်း သွားပါတယ်။ ရေတံခွန်တစ်ခုဟာ လူအများရဲ့ မြတ်နိုးဖွယ်ရာ၊ အပန်းဖြေရာ နေရာတစ်ခု ဖြစ်သွားခဲ့ပြီးတဲ့ နောက်မှာ မြတ်နိုးချစ်ခင်ဖွယ်ရာ အဖြစ်ကနေ အရုပ်ဆိုး၊ အကျည်းတန်အောင် ဖန်တီး လိုက်ရင် လူတွေရဲ့ နှလုံးသားတွေကို ထိခိုက်သွားစေမှာပဲ ဖြစ်ပါတယ်။ ဒီလို ဖန်တီးလိုက်သူတွေကို ရေတံခွန် ကို မြတ်နိုးနေသူတွေက ကျေနပ်နိုင်ကြမှာ မဟုတ်ပါဘူး။
နိုင်ငံရဲ့ ဒေသအနှံ့မှာ လှပတဲ့ ရေတံခွန် အကြီး၊ အငယ် တွေ များစွာ ရှိနေပါတယ်။ တစ်ချို့ ရေတံခွန်တွေဟာ ဒေသခံ တိုင်းရင်းသားတွေရဲ့ အပန်းဖြေရာ၊ အနားယူရာ နေရာတွေအဖြစ်နဲ့ ရှိနေကြပါပြီ။ ဒေသခံတွေရဲ အမြတ်တနိုး တန်ဘိုးထားရာ နေရာတွေ ဖြစ်နေပါပြီ။ တစ်ချို့နေရာ တွေကတော့ ဖွံဖြိုးမှုတွေ သိပ်မလုပ် ကြရသေးပါဘူး။ တစ်ချို့နေရာတွေမှာ လုပ်ဆောင်ဖို့ စဉ်းစား နေကြပါပြီ။ ထိုနေရာတွေအတွက် လုပ်မှား၊ ကိုင်မှား မဖြစ်စေဖို့ လိုအပ်လှပါတယ်။ ဒေသခံပြည်သူတွေ အတွက် သဘာဝ အလှတရားတွေ ပျက်ယွင်း မသွား စေမယ့်၊ အကျိုးတရား အများဆုံးဖြစ်စေမဲ့ စီမံဆောင်ရွက်မှုမျိုးများသာ ဖြစ်သင့်ပါတယ်။
မြန်မာတို့ရဲ့ အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ကြေည့်မယ်ဆိုရင်လည်း ရေအားလျှပ်စစ် တည်ဆောက်မယ် ဆိုတာနဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကို အဓိကအလေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုဖြစ်တဲ့ တံငါလုပ်ငန်းတွေကိုလည်း ယခင်ထက်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးလာကြပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့ လျှပ်စစ်ကိုလည်း လုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ခဲ့ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ပိုင်ဟော့ထန်း ရေအားလျှပ်စစ်စက်ရုံရဲ့ နံပါတ် (၁၁) စက်အုပ်စုဟာ ဆိုရင် စက်တစ်လုံး စက်တပ်ဆင်မှုပမာဏ ကီလိုဝပ် ၁ သန်းရှိပြီး လက်ရှိကမ္ဘာပေါ်တွင် စက်တစ်လုံး စက်တပ်ဆင်မှုပမာဏ အကြီးဆုံးသော ရေအားလျှပ်စစ် စက်အုပ်စုဖြစ်ပါတယ်။
ပိုင်ဟော့ထန်းရေအားလျှပ်စစ်စက်ရုံဟာဆိုရင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် နင်နန်ခရိုင်နဲ့ ယူနန်ပြည်နယ် ချောင်ကျားခရိုင်တို့ ထိစပ်ရာ ကျင်းရှားမြစ်ကြောင်းပေါ်မှာတည်ရှိပြီး စုစုပေါင်းစက်တပ်ဆင်မှုပမာဏ ကီလိုဝပ် ၁၆ သန်းရှိပါတယ်။ နှစ်ရှည် ပျမ်းမျှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ ၆၂.၄၄၃ ဘီလီယံကီလိုဝပ်နာရီကို ရောက်ရှိလာမှာ ဖြစ်ပြီး နှစ်စဉ် စံကျောက်မီးသွေးတန်ချိန် ၁၉.၆၈ သန်းချွေတာနိုင်ပြီး၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၅၂သန်းလျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်းမှာ ဆိုရင်လည်း တရုတ်နိုင်ငံက လေ အားလျှပ်စစ်နဲ့ ဆိုလာလျှပ်စစ် ထုတ်လုပ်ရေးမှာ ၁၂ဆ တို့မြှင့်လာပါတယ်။ တရုတ်နိုင်ငံရဲ့ စုစုပေါင်းလျှပ်စစ် ထုတ်လုပ်မှု ပမာဏရဲ့ ၃၈ ရာခိုင်နှုန်းရှိပြီး ကမ္ဘာမှာ ကြည့်ရင်လည်း ပထမ အများဆုံး ဖြစ်ပါတယ်။ ဒီလို လေအားနဲ့ ဆိုလာကို ထုတ်လုပ်နိုင်ခဲ့တာကြောင့်လည်း အပူပိုင်းဒေသတွေမှာ Green Zone အဖြစ် ဖန်တီး နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ အတွင်းမှာလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့ သဘာဝအရင်းအမြစ်တွေ များစွာရှိပါတယ်။ လေအား၊ ရေအား၊ ဆိုလာစတဲ့ သဘာဝအရင်းအမြစ်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လျော့ချနိုင်ဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင်၊ သဘာဝအရင်းအမြစ်တွေ ထိခိုက်ဆုံးရှုံးမှု မရှိဘူးဆိုရင် ပြည်သူတွေ လက်ခံနိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိင်မှာဘဲ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလှမ်း တွေကိုလည်း တိုးပွားအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
သဘာဝကပေးထားတဲ့ အရင်းအမြစ်တွေနဲ့ ဒေသဖွံဖြိုးရေး၊ မြို့နယ်ဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာ ဖြစ်သလို သဘာဝကဖန်တီးပေးထားတဲ့ သဘာဝအလှတရားတွေကိုလဲ ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ သဘာဝ အလှတရားတွေ မပျောက်ပျက်ပဲ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရင်း ဒေသအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး အကြံပြုရေးသားလိုက်ရပါတယ်။
ကောင်းဇေ
ဓါတ်ပုံ – CRI
Baihetan Dam

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။