Trending Now

မြစ်ကြီးနားမြို့ မိုးမလင်းဈေးတွင် ရောင်းချနေသည့် ဈေးသည်များ စည်းကမ်းတကျ ရောင်းချရန် ဈေးကော်မတီမှ စည်းကမ်းချက် ထုတ်ပြန်သော်လည်း လိုက်နာမှုမရှိဟု ဈေးကော်မတီမှ ဆို

Spread the love

မြစ်ကြီးနားမြို့ မိုးမလင်းဈေးတွင် ရောင်းချနေသည့် ဈေးသည်များ စည်းကမ်းတကျ ရောင်းချရန် ဈေးကော်မတီမှ စည်းကမ်းချက် ထုတ်ပြန်သော်လည်း လိုက်နာမှုမရှိဟု ဈေးကော်မတီမှ ဆို

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂

မြစ်ကြီးနားမြို့ ဈေးလမ်းမကြီးပေါ်တွင် မိုးမလင်းဈေးအဖြစ် ရောင်းချခွင့်ပေးထားပြီး ဈေးသည်များ သတ်မှတ်ချက် စည်းကမ်းများ လိုက်နာရန် ဈေးကော်မတီအဖွဲ့မှ စာထုတ်ကြေညာထားသော်လည်း ဈေးသည်များ စည်းကမ်းလိုက်နာခြင်း မရှိကြောင်း ဈေးကော်မတီ တစ်ဦးက ဆိုသည်။

ဈေးသူ၊ ဈေးသားများ စီးပွားရေးကြပ်တည်းသည့် ကာလဖြစ်၍ အများသူငှာ အဆင်ပြေစေရန် မြို့မဈေးနှင့် ရေစင်ကွင်း မိန်းလမ်းမပေါ်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ဈေးသူ၊ ဈေးသားများ အနေဖြင့် စည်းကမ်းတကျ ရောင်းချကြရန် အကြိမ်ကြိမ် စာထုတ်ကြေညာထားသော်လည်း လိုက်နာမှုမရှိကြောင်း ဈေးကော်မတီတစ်ဦးက ပြောသည်။

” ဈေးသူ၊ ဈေးသားတွေ သတ်မှတ်ချိန်အတွင်းသာ ဈေးရောင်းချဖို့၊ ပြီးတော့ အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ကြဖို့ အကြိမ်‌ကြိမ် စာထုတ်ကြေညာပါတယ်။ သို့ပေမယ့် လိုက်နာမှု မရှိကြဘူး။ ဈေးသည်တွေက အရင်နှစ်ထက် ပိုများလာတယ် ဈေးသည်များလာတော့ စည်းကမ်းတွေလည်း မလိုက်နာကြဘူး ပြောရခက်တယ် ” ဟု ယင်းကဆိုသည်။

ဈေးသူ၊ ဈေးသားများသည် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်မှုမရှိခြင်းနှင့် သန့်ရှင်းရေးလုပ်သား နည်းပါးခြင်းတို့ကြောင့် မိုးမလင်းဈေး လမ်းဘေးရှိ ရပ်ကွက်နေ ပြည်သူများ အနေဖြင့် နေ့စဉ် ၎င်းတို့၏ အမှိုက်များ၊ မစင်များကို သန့်ရှင်းရေး လုပ်ပေးနေရကြောင်း အိမ်ရှင်တစ်ဦးက ရှင်းပြသည်။

” ကျွန်မတို့ ရပ်ကွက်္ ဈေးလမ်းပေါ်မှာ မိုးမလင်းဈေးဖွင့်တာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဈေးသူ၊ ဈေးသားတွေ အနေနဲ့ သန့်သန့်ရှင်းရှင်း ရောင်းဝယ်လုပ်ကိုင်ကြပါ။ သူတို့‌ေတွက ဈေးသိမ်းပြီး ပြန်ကြ။ ကျွန်မတို့က နောက်ကနေ ကိုယ့်အိမ်ရှေ့ သူ့အိမ်ရှေ့က အမှိုက်တွေ လိုက်ကောက်ေနရတယ်။ တခါတလေ မစင်ထုပ်တွေပါ ကောက်နေရတယ်။ အရမ်း ညစ်ပတ်ကြတယ်။ အများသုံး ဈေးအိမ်သာ မသွားကြဘူး။ တွေ့ရာမှာ မစင်စွန့်ကြတယ်။ သန့်ရှင်းရေး အဖွဲ့ကလည်း လမ်းပေါ်က အမှိုက်သာ စုကျုံးတာပဲရှိတယ်။ နေ့စဉ် ကျွန်မတို့က လမ်းဘေး အမှိုက် ညစ်ပတ်နေတာတွေကို ကောက်နေရတယ် ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ မိုးမလင်းဈေးအား ပြီးခဲ့သည့် နှစ်အတွင်းပိုင်းက အောင်နန်းရပ်ကွက် အထက (၂) ကျောင်းရှေ့ လမ်းမပေါ်တွင် ဖွင့်လှစ်ပေးခဲ့ပြီး၊ ယင်းနေရာတွင်လည်း ဈေးသူ၊ ဈေးသားများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းနှင့် မစင်စွန့်ပစ်ခြင်းတို့ ပြုလုပ်ခြင်းတို့ကြောင့် ဈေးလမ်းမပေါ်သို့ ပြန်လည်နေရာ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးမလင်း‌ေစျးတွင် ရောင်းချနေသည့် ဈေးသူ၊ ဈေးသားများ အနေဖြင့် အမှိုက္များကို စည်းကမ်းတကျ စွန့်ပစ်ရန်နှင့် ကျန်းမာရေးကိစ္စဖြစ်သည့် အပေါ့၊ အလေးစွန့်ပစ်ခြင်းကိုလည်း အများသုံး ဈေးအိမ်သာ၌ သွားကြရန် တာဝန်ရှိ အဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပေးရန် ရပ်ကွက်နေ ပြည်သူများက လိုလားနေကြသည်။

အဆိုပါ မိုးမလင်းဈေးအား နံနက် လေးနာရီမှ ခြောက်နာရီ အချိန်ထိ ကန့်သတ်ချက်ဖြင့် ရောင်းချကြရန် သတ်မှတ်ထားပြီး၊ လက်ရှိအချိန်တွင် စျေးရောင်းချသူများ ပိုမိုများပြာလာကာ အမှိုက်များအား စည်းကမ်းတကျ စွန့်ပစ်ရန် ညွှန်ကြားထားမှုကို နေ့စဉ်ဖောက်ဖျက်၍ လိုက်နာခြင်းမရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။