Trending Now

အသုတ်မြို့တွင် မေတ္တာမွန် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွားပြီး ဆီဆိုင်၀န်ထမ်း ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

Spread the love

အသုတ်မြို့တွင် မေတ္တာမွန် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွားပြီး ဆီဆိုင်၀န်ထမ်း ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

EPN
အသုတ်၊ ဇန်နဝါရီ ၂၀

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၅) ရပ်ကွက်မှ မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင် ဇန်နဝါရီ ၁၉ ရက်ည ၉ နာရီခွဲခန့်ကမီလောင်မှုဖြစ်ပွားခဲ့ပြီး စက်သုံးဆီအရောင်းဝန်ထမ်းတစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် သေဆုံးခဲ့သူသည် မေတ္တာမွန် စက်သုံးအရောင်းဆိုင် ဝန်ထမ်းဖြစ်သည့် အသက် ၆၈ နှစ်
အရွယ် ဦးလှခင်ဖြစ်ပြီး ဒဏ်ရာရရှိသူများသည် အသက် ၃၃ နှစ်အရွယ် ဆိုင်မန်နေဂျာ ကိုသူရဇော်ထက်၊ အသက် ၃၂ နှစ်အရွယ် ကိုညွှန့်ဝင်းမောင်၊ အသက် ၃၁ အရွယ် ဦးပြည့်ဖြိုးဇော်နှင့် အသက် ၃၄ နှစ်အရွယ် ကိုမင်းမင်းဦး တို့ ဖြစ်သည်ဟု သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ မေတ္တာမွန်စက်သုံးဆီဆိုင်အတွင်း စက်သုံးဆီ အရောင်းဆိုင် ဝန်ထမ်းများမှ စက်သုံးဆီများကို ဆီဂေါက်ဖြင့်လှယ်ထည့်ရာမှ မီးထတောက်ပြီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အချိန် ၃ နာရီကျော်အထိ မီးငြှိမ်း သတ်ခဲ့ရသည်ဟုမီးသတ်ဝန်ထမ်းတစ်ဦးက EPN ကို ပြောသည်။

“မီးလောင်မှုက မနေ့ ညက ဖြစ်တာ ၃ နာရီကျော်ကျော် လောက်အထိ မီးငြှိမ်းသတ်ခဲ့ရတာ၊ စက်သုံးဆီတွေ လှယ်ထည့်ရင်မီးထပွင့်ပြီးလောင်တာပါ၊ ဒါတောင်ည ဘက် အေးနေတဲ့အချိန်ဖြစ်လို့ နို့မိုဆို အခုထက် ဆုံးရှုံးမှုတွေပိုများမယ်၊ မီးလောင် မှုကြောင့်ဆီဆိုင်ဝန်ထမ်း ၁ ယောက်က အသက်ဆုံးရှုံးခဲ့ရတယ်၊ သေဆုံးသူက အသက် ၆၀ ကျော်အရွယ်ပါ၊ နောက်ထပ် ၄ ယောက် ကလည်းဒဏ်ရာတွေရရှိခဲ့တယ်။”ဟု ၎င်းဆက်ပြောသည်။

အဆိုပါ မြတ်မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင် မီး လောင်မှုကို ရေကြည်၊ အသုတ်၊ ပုသိမ်၊ ကျုံပျော်၊ ငါးသိုင်း ချောင်း၊ ကျောင်းကုန်း မြို့နယ်စသည့်မြို့နယ်များမီးသတ် ကားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ လာရောက်ပူးပေါင်း ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မီးလောင်မှုကြောင့် မေတ္တာမွန်စက်သုံးဆီ အရောင်းဆိုင်မှ ဆီသိုလှောင်ရုံ ၂ လုံး၊ ဓါတ်ဆီ ၈ ပေပါ၊ ဒီဇယ် ၆ ပေပါ၊ ၁၂ ဘီးကုန်တင် ယာဉ် ၁စီး၊ ဆီဘောက် ဆာကား ၁ စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မေတ္တာမွန် စက်သုံးဆီ ဆိုင်မန်နေဂျာဖြစ်သည့် ဦးသူရဇော်ထက်ကို ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အသုတ်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် အရေးယူ ထားသည်ဟု သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။