Trending Now

မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝေးလံခေါင်ဖျား ဒေသများ

Spread the love

မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝေးလံခေါင်ဖျား ဒေသများ

EPN
ဆောင်းပါး၊ ဇွန်လ ၂၁ ရက်နေ့။

မိုးရာသီရဲ့ အေးမြတဲ့ မိုးဖွဲလေးတွေနဲ့အတူ ကလေးငယ်တွေအတွက် အန္တရာယ်ကြီးမားတဲ့ သွေးလွန်တုပ်ကွေး ရောဂါကို သတိပြုဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်း မိုးတွေဆက်တိုက် ရွာနေတာကြောင့် မိုးရာသီမှာ အဖြစ်များလေ့ရှိတဲ့ သွေးလွန်တုပ်ကွေးရောဂါကို သတိပြု ကြိုတင်ကာကွယ်ဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။ မြို့ပေါ်လိုနေရာမျိုးမှာတောင် သွေးလွန်တုပ်ကွေး အန္တရာယ်က အရေးကြီးတယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလန်ခေါင်းပါးတဲ့ အရပ်ဒေသတွေက ကလေးငယ်တွေ အတွက်ဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။

ဘာ့ကြောင့် ဒီလိုပြောရသလဲဆိုတော့ စာရေးသူကိုယ်တိုင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက ဆိုင်လော်ကျေးရွာ အထက (ဆိုင်လော်) ကို တရုတ်ပြည် စင်းရှင်းစီးပွားရေး ကုမ္ပဏီ လိမိတက်ကနေ ကလေးငယ်တွေအတွက် ကျောင်းသုံးပစ္စည်းတွေနဲ့ စာရေးစားပွဲခုံတွေ သွားရောက်လှူဒါန်းရာမှာ လိုက်ပါခွင့် ရခဲ့တဲ့အတွက် ကလေးငယ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိရှိခွင့် ရခဲ့လို့ပါပဲ။ အထက (ဆိုင်လော်) ကျောင်းမှာဆိုရင် သောက်သုံးရေ ခက်ခဲတဲ့အတွက် တောင်ကျရေကို ပိုက်နဲ့သွယ်ပြီး အုတ်ကန်တစ်ခုထဲမှာ သိုလှောင်ရပါတယ်။ အဲ့ဒီအုတ်ကန်ထဲက ရေကိုပဲ ကျောင်းသား၊ ကျောင်းသူလေးတွေက လက်နှစ်ဖက်နဲ့ခပ်ပြီး သောက်နေရတာကို စာရေးသူကိုယ်တိုင် တွေ့မြင်ခဲ့ရတာပါ။

မိုးရာသီကာလမှာဆိုရင် သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ချီကန်ဂန်ညာရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါအေနှင့် အီး၊ ဂျပန်ဦး နှောက် အမြှေးရောင်ရောဂါ၊ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ အများဆုံး ဖြစ်တတ်တာ ကိုတွေ့မြင်ရတဲ့အတွက် ကလေးငယ်တွေအတွက် အလွန်စိုးရိမ်ဖွယ် အခြေအနေ တစ်ခုပဲ ဖြစ်ပါတယ်။ မိုးရာသီကာလမှာ ဆိုရင်လည်း ခြင်ပေါက်ဖွားမှု များတဲ့အတွက် ကလေးတွေအတွက် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား အန္တရာယ်ကို စိုးရိမ်ရတယ်လို့လည်း အထက (ဆိုင်လော်) ကျောင်းအုပ်ဆရာမကြီးက ပြောပြခဲ့ပါတယ်။ ကြိုတင်ကာကွယ်နိုင်ဖို့ အတွက်ကလည်း အလှူရှင်တွေကိုသာ မျှော်ကိုးနေရတယ်လို့ ဆိုပါတယ်။ Healthy Poverty Actioon (HPA) ကနေ ဒေသတစ်ခုလုံး ငှက်ဖျားရောဂါ ကင်းစေရေးအတွက် ရည်ရွယ်ပြီး ဆေးရည်စိမ် ခြင်ထောင်တွေကို ဆိုင်လော်ကျေးရွာမှာရှိတဲ့ မိဘပြည်သူတွေကို အိမ်ထောင်စု အလိုက် လှူဒါန်းပေးခဲ့ပါတယ်။ ဒီလိုမျိုး အသင်းအဖွဲ့တွေကနေ ကျောင်းတွေမှာရှိတဲ့ ကလေးငယ်တွေ သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် ကူညီပေးမယ် ဆိုရင်တော့ အကောင်းဆုံး ဖြစ်နိုင်မယ်လို့ မျှော်လင့် မိပါတယ်လို့လဲ ဆရာမကြီးက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း စာရင်းဇယားတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့မှာ စုစုပေါင်း ၈၀,၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ၄၅၀ ဦးခန့် သေဆုံးခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါလိုပဲ သီးခြားကုသဖို့ ဆေးမရှိပါဘူး။ ရောဂါလက္ခဏာတွေ သက်သာဖို့သာ ကုသပေးနိုင်တဲ့ ရောဂါဖြစ်ပြီး နှစ်စဉ်ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေကလည်း များပြားနေဆဲ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ လူကြီးများတွေမှာလည်း ဖြစ်ပွားတတ်ပြီး၊ လူကြီးတွေမှာ ဖြစ်ပြီဆိုရင် ရောဂါပိုမို ပြင်းထန်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို ခြင်ကတဆင့် သယ်ဆောင်ပေးပြီး လူတွေကို ကူးစက်စေပါတယ်။ သယ်ဆောင်ပေးတဲ့ခြင်ကို အေးဒီးစ်ခြင် (aedes mosquito) လို့ ခေါ်ပါတယ်။ အေးဒီးစ်ခြင်တွေဟာ အဖြူအမည်း အစင်းကြားရှိကြပါတယ်။ အများစုဟာ အာဖရိကတိုက်က ပြန့်နှံ့လာတာ ဖြစ်ပါတယ်။ အဲ့ဒီ ခြင်တွေဟာ အမြင့်ပေ ၃၃ဝဝအောက်မှာသာ နေထိုင်ကြလို့ တောင်ပေါ်ဒေသတွေမှာ အဖြစ်နည်းပါတယ်။ သွေးလွန်တုပ်ကွေးပိုး (dengue virus) သယ်ဆောင်တဲ့ခြင်က ခြင်မဖြစ်ပါတယ်။ ခြင်မဖြစ်လို့ အသန့်အပြန့် အလွန်ကြိုက်ပါတယ်။ ပေါက်ဖွားရင်လဲ သန့်တဲ့၊ ပြန့်တဲ့ နေရာတွေမှာ အဓိက ပေါက်ဖွားပါတယ်။ ပန်းအိုး၊ ဘုရားအိုး၊ ဗူးခွံ၊ ပုံးခွံ၊ တာယာအဟောင်းအပျက် တွေထဲရှိတဲ့ရေမှာ ပေါက်ဖွားပါတယ်။ ရေဆိုးရေမြောင်းတွေမှာ ပေါက်ဖွားတာ ရှားပါတယ်။ နေ့ခင်းပိုင်းမှာ အစာရှာထွက်ကြပြီး၊ အထူးသဖြင့် မနက်ပိုင်း ဝေလီဝေလင်းနဲ့ ညနေစောင်းပိုင်းတွေမှာ ခြင်ကိုက်မခံရအောင် သတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထား ရတဲ့ခြင်ဟာ ကူးစက်ခံရပြီးနောက် ၄ရက်မှ ၁ဝရက်အတွင်း တခြားလူတွေကို ကူးစက်နိုင်ပါတယ်။ တစ်ခါ ကူးစက်ခံရရင် ခြင်သက်တမ်း မကုန်မချင်း တခြားလူတွေကို ထပ်မံ ကူးစက်နိုင်ပါတယ်။ ခြင်တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၁လ လောက် ရှိပါတယ်။

သွေးလွန်တုပ်ကွေးဟာ ဒန်ဂီးဗိုင်းရပ်စ်(dengue virus)တစ်မျိုးကြောင့် ဖြစ်စေပါတယ်။ flavivirus မျိုးနွယ်စုမှာပါဝင်ပြီး RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ သွေးထွက်လွန်စေ၊ သွေးယိုစေနိုင်တဲ့အပြင် တုပ်ကွေးလက္ခဏာတွေရှိလို့ သွေးလွန်တုပ်ကွေးလို့ခေါ်ကြတယ်။ arthropod ပိုးမွှားအကောင်တွေက ကူးစက်တတ်လို့ arbovirus လို့လည်း ခေါ်နိုင်ပါသေးတယ်။ ဖြစ်စေတဲ့ မျိုးရိုးဗီဇလိုက်ပြီး DENV 1, DENV 2, DENV 3နဲ့ DENV 4 ဆိုပြီး လေးမျိုးခွဲထားပါတယ်။ ရောဂါအမျိုးအစား တစ်မျိုးဝင်ပြီးရင် အဲဒီအမျိုးအစားကို ဘဝတလျှောက်လုံး ထပ်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ သူ့တစ်သက်မှာ သွေးလွန်တုပ်ကွေး လေးကြိမ်ထက် ပိုမဖြစ်ဘူးလို့ ပြောစမှတ်ပြုကြပါတယ်။ သွေးလွန်တုပ်ကွေး ကူးစက်ခါစမှာ တခြားအမျိုးအစား သုံးမျိုးကိုလည်း ရေတိုကာကွယ် ပေးနိုင်ပါတယ်။ ပြဿနာတစ်ခုက နောက်တစ်ကြိမ်မှာ အခြားသွေးလွန်တုပ်ကွေး အမျိုးအစားတစ်ခု ဝင်လာခြင်းဟာ ပိုပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးဖြစ်ဖို့ အခွင့်အလန်း ပိုများလာစေပါတယ်။

သွေးလွန်တုပ်ကွေး လက္ခဏာတွေက ခြင်ကိုက်ခံရပြီး ၁ပတ်လောက်ဆို စပြပါတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ဝင်တိုင်း ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး အဆင့်ထိ မဖြစ်ကြပါဘူး။ အများစုဟာ သာမန်တုပ်ကွေး အဖျားလောက်သာ ခံစားရပါတယ်။ ရုတ်တရက် အဖျားကြီးလာမယ်။ ၁၀၃-၁၀၄ ဒီဂရီဖာရင်ဟိုက်လောက် ရှိပါတယ်။ ခေါင်းကိုက်တာ၊ မျက်လုံးအောင့်တာ၊ နာတာမျိုး ဖြစ်တတ်ပါတယ်။ တုပ်ကွေးသဘောဖြစ်လို့ ခြေဆစ်လက်ဆစ် ကိုက်လာတယ်။ နေလို့၊ ထိုင်လို့မကောင်းတာ၊ ပျို့ချင်အန်ချင် ရှိလာပါမယ်။ အသားရဲတာ၊ အနီစက်ပေါက်တာ ရှိတတ်ပါတယ်။ တစ်ကိုယ်လုံးမှာ ပေါက်ပါတယ်။ ကလေးဆိုရင် အနီစက်က ဝက်သက်နဲ့ ဆင်တူပါတယ်။ နောက်ဆင်တူတာ တစ်ခုက အသက်ကြီးမှ သွေးလွန်တုပ်ကွေး ဖြစ်နိုင်သေးတဲ့ အချက်ပါပဲ။ အသက်၁၅နှစ်အောက်တွေ အဖြစ်များလို့ ကလေးတွေဖြစ်ရင် ပိုမိုသတိ ထားသင့်ပါတယ်။ သိပ်ဆိုးလာရင် နှာခေါင်းသွေး၊ သွားဖုံးသွေးယိုတာ နည်းနည်းလောက် ထိခိုက်မိတာနဲ့ သွေးယိုတာတွေ ဖြစ်တတ်ပါတယ်။

ဒီထပ်ဆိုးလာရင်တော့ သွေးအန်တာ၊ သွေးဝမ်းသွားတာ ဖြစ်လာပါမယ်။ ပိုပြီးအရေးကြီးတာက ရောဂါလက္ခဏာ ပြသပြီး ၃ရက်နဲ့ ၅ရက်အတွင်းပါပဲ။ ရှော့ခ်ဝင်ပြီး သေဆုံးတတ်သူ အများစုဟာ အဖျား ၃ရက်မြောက်နေ့နဲ့ ၅ရက်မြောက်နေ့ အတွင်းဖြစ်လို့ အရေးကြီးဆုံး ကာလတွေပဲဖြစ်ပါတယ်။ သွေးယိုပြီး ရှောခ့်ဝင်တတ်တဲ့ ကာလဖြစ်လို့ ဂရုစိုက်သင့်ပါတယ်။ ဒီအဆင့်ထိရောက်လာရင် အထူးဂရုစိုက်ဖို့လိုသလို၊ ဆေးရုံတက်ဖို့ လဲလိုပါတယ်။ နည်းနေတဲ့ အရည်ကို ပြန်ဖြည့်ပေးရပါတယ်။ လိုအပ်ရင် သွေးသွင်း၊ သွေးရည်ကြည် သွင်းတာ လုပ်ရပါတယ်။ အခန့်မသင့်ရင် သွေးထွက်လွန်၊ ရှော့ခ်ဝင်ပြီး သေဆုံးမှာကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးကို သေချာကြိုတင်ကုသနိုင်ရင် သေနှုန်းက ၁ရာခိုင်နှုန်းအောက်ထိကျဆင်းသွားနိုင်သလို မကုဘဲထားရင် သေနှုန်းက ၂၆ ရာခိုင်နှုန်းလောက်ထိ မြင့်တက်သွားပါတယ်။

ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်မရောက်ခင် Warning signs ခေါ်တဲ့ သတိပေးတဲ့ လက္ခဏာရပ် တွေကို သိထားသင့်ပါတယ်။ အဲ့ဒါတွေကတော့ ဗိုက်မခံမရပ်နိုင် နာလာခြင်း၊ အဆက်မပြတ် အန်လာခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ အသက်ရှုမြန်လာပြီး မောလာခြင်း၊ သွေးအန်ပြီး ဝမ်းမဲသွားခြင်းစတဲ့ အထက်ပါ လက္ခဏာတွေ ခံစားရပြီး တစ်ရက်၊ နှစ်ရက်အတွင်း အသက်အန္တရာယ် စိုးရိမ်ရလို့ အထူးသတိထား သင့်ပါတယ်။ ခြေဖျားလက်ဖျား အေးစက်လာရင်၊ အသားအရည် ဖြူဖျော့လာရင် ဆေးရုံအမြန်ဆုံးသွားဖို့ ကြိုးစားပါ။ နှောင့်နှေးမှုက အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

ယနေ့အချိန်ထိတော့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး မပေါ်ပေါက်သေးပါဘူး။ ရောဂါအမျိုးအစား လေးမျိုးလုံးကို ကာကွယ်ပေးနိုင်မယ့် live attenuated vaccine ကို စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ မကြာမီ နှစ်များအတွင်း ကာကွယ်ဆေး ပေါ်ပေါက်လာနိုင်ဖွယ်ရာရှိပါတယ်။ ကာကွယ်ဆေးတွေ မပေါ်ပေါက်ခင် ခြင်နှိမ်နှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုသာ အလေးထား လုပ်ဆောင်သင့်ပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ ခြင်ကိုက်မခံရဖို့နဲ့ ခြင်နှိမ်နင်းရေး နှစ်မျိုးလုံးက အရေးကြီးပါတယ်။

နေ့ခင်းဖက် အိပ်စဉ် ခြင်ကိုက်မခံရအောင် သတိထားပါ။ လိုအပ်လျှင် ခြင်ထောင်၊ ခြင်ဆေး အသုံးပြုပါ။ ကလေးငယ်တွေ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးထားသင့်ပါတယ်။ ပန်းအိုး၊ဘုရားအိုးတွေ နေ့စဉ် ရေလဲပေးသင့်ပါတယ်။ ဗူးခွံ၊ ပုံးခွံ၊ တာယာဟောင်းတွေ ခြင်မပေါက်ဖွားစေရန် သတိထားပါ။ ရေဆိုးရေမြောင်း တွေရှင်းလင်းပြီး ပိုးမွှားကာကွယ်ရေး ထိထိရောက်ရောက် လုပ်ဆောင်ပါ။ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို သေချာရှင်းလင်းပါ။ မိမိပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူး ဂရုစိုက်ပါ။ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ဆောင်ခြင်းက ခြင်မပေါက်ဖွားအောင် အကောင်းဆုံး ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။

မိုးရာသီရောက်လာပြီဆိုရင် သွေးလွန်တုပ်ကွေး သတိပေးချက်တွေ ထွက်ပေါ်လာသလို ဒီဘက်ပိုင်းနှစ်တွေမှာ ဆိုရင်လည်း သွေးလွန်တုပ်ကွေးက ပိုမိုနာမည်ကြီးလာပါတယ်။ လူနာတွေ ကြားထဲမှာသာမက ဆရာဝန် အသိုင်းအဝိုင်းထဲမှာကို နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။ သွေးလွန်တုပ်ကွေးပိုးဟာ ခြင်ကတဆင့် ကူးစက်နိုင်တာကြောင့် ခြင်နှိမ်နှင်းရေး၊ ကာကွယ်ရေးတွေကို အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြို့ပေါ်လို နေရာမျိုးတွေမှာတောင် အလေးထား ဆောင်ရွက်သင့်တယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး၊ ဆေးရုံ၊ ဆေးပေးခန်းတို့နဲ့ အလှမ်းဝေးတဲ့ ဝေးလံခေါင်ဖျား ဒေသတွေမှာဆိုရင် ကလေးငယ်တွေရဲ့ အနာဂါတ်အတွက် ပိုပြီးအလေးထား ဆောင်ရွက်သင့်တယ်လို့ မြင်မိပါတယ်။ အခုဆိုရင် နိုင်ငံရေး အခြေအနေတွေကြောင့် ကျေးရွာ တော်တော်များများမှာ ဆရာဝန်တွေ၊ သူနာပြုတွေ မရှိတော့တဲ့အတွက် ဒီလိုနေရာမျိုးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အလေးထား ဆောင်ရွက်ပေးစေလိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေဟာဆိုရင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ မည်မျှ အတိုင်းအတာအထိ စနစ်တကျထိရောက်စွာ ဆောင်ရွက်နိုင်သလဲဆိုတဲ့ အတိုင်းအတာအပေါ်မှာ အများကြီး မူတည်နေပါတယ်။ မိုးရာသီကာလမှာ အဖြစ်များတဲ့ ရောဂါတွေ အပါအဝင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို ပီပြင်ထိရောက်မှု ရှိစေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဆရာဝန်တွေ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်တွေနဲ့ အခြေခံ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ တက်ကြွစွာဆောင်ရွက်မှု၊ ပြည်သူတွေရဲ့ စနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့လည်း အထူးလိုအပ်ပါကြောင်း ရေးသားဖော်ပြ လိုက်ရပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။