Trending Now

ဖားကန့်မြို့နယ် အတွင်း စက်သုံးဆီ၊ဆန်နှင့် စားသောက်ကုန်တင်ပို့မှု ပိတ်ပင်ထား‌သောကြောင့် ဒေသခံပြည်သူများ အခက်အခဲကြုံတွေ့နေရ

Spread the love

ဖားကန့်မြို့နယ် အတွင်း စက်သုံးဆီ၊ဆန်နှင့် စားသောက်ကုန်တင်ပို့မှု ပိတ်ပင်ထား‌သောကြောင့် ဒေသခံပြည်သူများ အခက်အခဲကြုံတွေ့နေရ

EPN
မြစ်ကြီးနား ၊ဇူလိုင် ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းသို့ ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီ၊ ဆန် နှင့် စားသောက် ကုန်စည်တင်ပို့မှုများကို တင်ပို့များကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ပင်ထား‌သောကြောင့် ဖားကန့်မြို့နယ် ဒေသခံပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

လက်ရှိတွင် စားသောက်ကုန်စည်အပါအဝင် စက်သုံးဆီ တင်ပို့မှု ပိတ်ပင်ထားသည်မှာ တစ်ပတ်ကျော် ကြာမြင့်လာသည့်အတွက် ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီများကို ဈေးကြီးပေးဝယ်ယူနေရသလို စာသောက်ကုန်များမှာလည်း ဈေးမြှင့်တက်လာကြောင်း ဆိုင်းတောင် ဒေသခံတစ်ဦးကပြောသည်။

“စက်သုံးဆီဆိုင်တွေ ဆီပြတ်လို့ ပိတ်နေတာ တစ်ပတ်လောက်ရှိပြီ ဒီမှာက စက်သုံးဆီ ပြတ်နေတယ်ဆိုတော့ အများကြီးဒုက္ခရောက်တယ် ဆီဆိုင်မှာလည်း ဆီမရှိတော့ဘူး ပြောတယ်။ ပြီးတော့ ဖားကန့်ကို ဆန်တွေဆီတွေ စားသောက်ကုန်တွေ တင်ပို့ခွင့်ကို ပိတ်ထားတယ်ကြားတယ် ဆန်တွေ စားသောက်ကုန်‌တွေ တင်ပို့မှုပိတ်လိုက်‌တော့ ၁၀ရက်လောက်မှာ ပြတ်လပ်မှု‌တွေရှိလာတယ် ဈေးကြီးပေးဝယ်နေရတဲ့ ဆန်တွေ စားသောက်ကုန်တွေ ရှိနေတယ် “ဟု ဖားကန့် ဒေသခံတစ်ဦး ကပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ စားသောက်ကုန်အပါအဝင် စက်သုံးဆီများ တင်သွင်းမှု ပိတ်ပင်ခံရခြင်းမှာ တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အခုပိတ်တာက ဖားကန့် အဝင်နေရာဖြစ်တဲ့ လဝါးဂိတ်ကနေ စပိတ်ထားတာ ဆန်ရယ် စက်သုံးဆီရယ် စားသောက်ကုန်တွေရယ် တင်လာတယ်ဆိုရင် အဲ့ကားတွေကို ပြန်လှည့်ခိုင်းတာ ပေးမသယ်တော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဖားကန့်မြို့နယ်တွင် ရွှေ့ပြောင်းလုပ်သားများအပါအဝင် လူဦးရေ သိန်းနှင့်ချီရှိနေသည့်အတွက် ယခုကဲ့သို့ စားသောက်ကုန်စည်အပါအဝင် စက်သုံးဆီ တင်ပို့မှု ဆက်လက်ပိတ်ပင်ထားပါက ဖော်မပြနိုင်သည့် အခက်အခဲများ ကြုံတွေ့လာနိုင်ဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။