Trending Now

လက်နက်ကိုင်အဖွဲ့ဝင်များက ကျောက်တင်ရထားကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

Spread the love

လက်နက်ကိုင်အဖွဲ့ဝင်များက ကျောက်တင်ရထားကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

EPN
သထုံ၊ မတ် ၁၈ (၂၀၂၄)

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွား ရထားလမ်းပိုင်း၌ KNU၊ PDF ပူးပေါင်းအဖွဲ့မှ ကျောက်တင်ရထားတစ်စီးကို ယနေ့ (မတ် ၁၈ ရက်)၊ နံနက်ပိုင်းက မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့၊ နံနက် ၇ နာရီကျော်ခန့်က မြန်မာ့မီးရထားမှ ကျောက်တင်ရထားတစ်စီးသည် ရန်ကုန်-မော်လမြိုင်သွား ရထားလမ်းပိုင်းအတိုင်း ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့နယ်၊ ကလိကျေးရွာဘူတာဘက်သို့ မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မောင်းနှင်လာစဥ် သထုံမြိုနယ်၊ မိုးကောင်းကျေးရွာအထွက် ရထားလမ်းမိုင်တိုင်အမှတ် ၁၂၂/၃ နှင့် ၁၂၃/၁ ကြားရှိ ပေါင်းကူးတံတားအရောက် KNU ၊ PDF ပူးပေါင်းအဖွဲ့က မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ကျောက်တင်ရထားက တွဲဆိုင်း ၁၄ ဆိုင်းပါတယ်။ မိုင်းနဲ့ဖောက်ခွဲ တိုက်ခိုက်ခံရတာကြောင့် မှောက်သွားတဲ့ တွဲဆိုင်းတွေနဲ့ လမ်းချော်သွားတဲ့ တွဲဆိုင်းတွေရှိတယ်။ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး ” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ပေါင်းကူးတံတား၏ တံတားဘယ်ဘက်အောက်ခံအုတ်ခုံဘောင်၊ ရထားလမ်းပေ (၂၀)ခန့် ပျက်စီးကာ ရထားသံလမ်းအ ဆက်များ ပြုတ်ထွက်ခဲ့သဖြင့် တွဲဆိုင်း (၂)တွဲ လမ်းချော်၍ (၅)တွဲတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်၍ မြန်မာ့မီးရထားမှ ကျွမ်းကျင်ဝန်ထမ်းများက ပျက်စီးသွားသည့် နေရာများအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။