Trending Now

မြစ်ကြီးနားမြို့၏ ပညာရေးသမိုင်းတွင် သက်တမ်းအရှည်ဆုံးဖြစ်သည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၏ နှစ် (၁၀၀)ပြည့် ရာပြည့် ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

Spread the love

မြစ်ကြီးနားမြို့၏ ပညာရေးသမိုင်းတွင် သက်တမ်းအရှည်ဆုံးဖြစ်သည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၏ နှစ် (၁၀၀)ပြည့် ရာပြည့် ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

EPN
မြစ်ကြီးနား၊ မတ် ၃၀ (၂၀၂၄)

ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ ပညာရေးသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၏ နှစ် (၁၀၀) ပြည့်၊ ရာပြည့်ပွဲတော်သို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်၍ ကျောင်းသားဟောင်းများနှင့်
အတူတကွ ရာပြည့်ပွဲတော်ကို ယနေ့၊ နံနက် ၇နာရီက ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ ပညာ‌ရေးသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် အမှတ် (၁) အခြေခံပညာရေး အထက်တန်းကျောင်း (၁၉၂၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) နှစ် (၁၀၀) ပြည့်၊ ရာပြည့်ပွဲတော်ကို ကျောင်းသားဟောင်းများ စုပေါင်း၍ (၂) ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ် (၁၀၀) ရာပြည့်၊ ရာပြည့်ပွဲတော်မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွဲတော်ဖြစ်မြောက်ရေး ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဘင်ခရာ/ ပန်းပွားအဖွဲ့များ၊ ကင်းထောက်လူငယ်အဖွဲ့ဝင်များ၊ လူရည်ချွန်မောင်/ မယ်များ စုရုံးတက်ရောက်ကြပြီး၊ မုခ်ဦးကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ကျောင်းဝင်းအတွင်း ရာပြည့်ပွဲတော် အထိမ်းအမှတ် တည်ဆောက်ထားသည့် နှစ် (၁၀၀) ပြည့် ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်ကို ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ တာဝန်ရှိသူများနှင့်အတူ ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါပွဲတော်တွင် ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ပြည်နယ်ဝန်ကြီးချုပ်ကကျောင်းတော်ကြီးသည် ၁၉၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့်အတွက် ယခု ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် နှစ် (၁၀၀) ပြည့်သည်အထိ ဂုဏ်သိက္ခာရှိစွာ၊ တည်ငြိမ်စွာ၊ ပုံရိပ်ကောင်းစွာဖြင့် တည်တံ့နေရခြင်းသည် ခေတ်အဆက်ဆက် တာဝန်ယူအုပ်ချုပ်ခဲ့သည့် ကျောင်းအုပ်ကြီးများ၊ သင်ကြားပြသပေးခဲ့ကြသော ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၊ မိဘဆရာအသင်း၊ အကျိုးတော်ဆောင်များနှင့် အစိုးရအဆက်ဆက်တို့၏ ကျောင်းအပေါ်ထားရှိခဲ့သည့် မေတ္တာ၊ စေတနာ၊ ဂုဏ်ကျေးဇူးများကို အမှတ်တရ ကျေးဇူးတင် ဂုဏ်ပြုပေးခြင်းဖြစ်ပါကြောင်း၊ ၎င်းအပြင် ကျောင်းတော်ကြီးမှ နှစ် (၁၀၀) အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စိုက်ပျိုးမွေးမြူရေး နယ်ပယ်တို့တွင် ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်မြောက်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းတော်ကြီး ဆက်လက်အောင်မြင် တိုးတက်စေရေး အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

ကျောင်းသမိုင်းပြုစုရေးကော်မတီအဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးလနူးက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသမိုင်းအကျဉ်းအား ဖတ်ကြားပြီး၊ ကျောင်းသားဟောင်းများဖြစ်ကြသည့် နိုင်ငံကျော်အဆိုတော် ဒေါ်ကေဂျာနူး၊ ဒါရိုက်တာနှင့် တေးရေး/ တေးဆို ဂျီဇုန်းကိတို့ အဖွဲ့က “နှစ်(၁၀၀)မှ ကမ္ဘာတည်သရွေ့” ဂုဏ်ပြုတေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆိုခဲ့ကြကာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ကျောင်းအုပ် ဒေါ်ကေဒီဆိုင်းပန်က ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီသူများအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကံ့ကော်ဆောင်၌ ရာပြည့်ပွဲတော် အထိမ်းအမှတ် ဖွင့်လှစ်ပြသထားသည့် ကျောင်းသမိုင်းပြတိုက်အတွင်း ခေတ်အဆက်ဆက် ကျောင်းအုပ်တာဝန် ထမ်းဆောင်ခဲ့သူများ၊ လူရည်ချွန်များ၊ ကင်းထောက်လူငယ်များ၊ သမိုင်းဝင်ဆုတံဆိပ်အမျိုးမျိုးနှင့် ကျောင်းကော်မတီအဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။