Trending Now

၅ရက်ခန့်ပိတ်ထားသည့် ဖားကန့်လမ်း အဆင်းအတက် ကားလမ်းများ ယနေ့မှ စတင်ကာ သွားလာခွင့် ပြန်လည်ခွင့်ပြုထား

Spread the love

၅ရက်ခန့်ပိတ်ထားသည့် ဖားကန့်လမ်း အဆင်းအတက် ကားလမ်းများ ယနေ့မှ စတင်ကာ သွားလာခွင့် ပြန်လည်ခွင့်ပြုထား

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နန့်ယားဂိတ်နှင့် ကျောက်ထုဂိတ်ကို ၅ ရက်ခန့် ပိတ်ထားခဲ့ရာမှ ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်လည်သွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ (၂၂) ရက်နေ့က နန့်ယားဂိတ်အနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဩဂုတ်လ (၂၆) ရက်နေ့အထိ ဖားကန့် – မြစ်ကြီးနား ကားလမ်းပိုင်းကို (၅) ရက်ကြာ ယာယီပိတ်ထားခဲ့ရာမှ ယနေ့တွင် ပြန်လည်သွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မြစ်ကြီးနား – ဖားကန့်လမ်းပိုင်း ပြေးဆွဲနေသည့် ကာသမားတစ်ဦးက ပြောသည်။

” နန့်ယားဂိတ်က ဒီနေ့မနက်ပိုင်းက စတင်ပြီးတော့ ပုံမှန်အတိုင်း ပြန်လည်သွားလာခွင့် ပြုထားလိုက်တယ်။ ပိတ်မိတာက မြစ်ကြီးနား – ဖားကန့်လမ်း ကြားဂိတ်တွေမှာ ပိတ်မိနေတာ။ အခုတော့ အားလုံးဖွင့်ပေးထားတယ် ကြားတယ်။ ပိတ်မိတုန်းကဆို ကားပေါင်း (၃၀၀) ကျော်လောက် ရှိတယ်လို့ သိရတယ်။ မနက်ပိုင်းကစပြီး သွားလာတာတွေရှိနေကြပြီ ” ဟု ၎င်းကပြောသည်။

အဆိုပါ လမ်းပိုင်းကို ယာယီပိတ်ထားချိန်များတွင် ဒေသခံများအနေဖြင့် အရေးပေါ်ကိစ္စများ၊ ကျန်းမာရေးကိစ္စများပေါ်ပေါက်လာပါက ဆိုင်းတောင် – ဝှေခါ – အင်းတော်လမ်းကို အသုံးပြုခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” နန့်ယားဂိတ် ပိတ်တုန်းက ဝှေလုံလမ်းကိုသုံးရတာ။ ဝှေလုံလမ်းကလည်း မိုးတွင်းဆိုတော့ အတော်လေး ဆိုးရွားနေတယ်၊ ကားတွေ အသွားအလာလဲ အရမ်းခက်ခဲ့တယ်။ တစ်ကားနဲ့တစ်ကား တွဲပြီးဖြတ်လာခဲ့ရတယ်။ အခုလို လမ်းတွေပြန်ဖွင့်ပေးတော့ အသွားအလာ လွယ်ကူတာပေ့ါ ” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ နန့်ယားလမ်းပိတ်ထားမှုကြောင့် ဖားကန့်မြို့နယ်အတွင်း အစားအသောက်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ပြီး၊ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဖားကန့်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

” ကားလမ်းတွေပိတ်တော့ ကုန်သွယ်စီးဆင်းမှုတွေ ရပ်သွားတယ်။ အဲ့ဒီတော့အစားအသောက်စျေးနှုန်းတွေလဲ မတရား မြင့်တက်လာတယ်။ ကြက်ဥတစ်လုံးကို ၇၀၀ ကျပ်၊ ခရမ်းချဥ်သီး တစ်ပိသာ ၂ သောင်းကျပ်အထိ ဝယ်ယူနေရတယ် ” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်အတွင်း၌ မြစ်ကြီးနား – ဗန်းမော်၊ မြစ်ကြီးနား – ဖားကန့်၊ မြစ်ကြီးနား – ကံပိုင်တည်၊ ဗန်းမော် – ရွှေကူ သွားသည့် လမ်းပိုင်းတွင် တပ်မတော်နှင့် KIA၊PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။