Trending Now

မြစ်ကြီးနား မြို့ပေါ်တွင် ဝက်သား ဈေးနှုန်း မြင့်တက်လာ၍ အမဲသား ဝယ်ယူသူ များပြား

Spread the love

မြစ်ကြီးနား မြို့ပေါ်တွင် ဝက်သား ဈေးနှုန်း မြင့်တက်လာ၍ အမဲသား ဝယ်ယူသူ များပြား

EPN
မြစ်ကြီးနား၊ ဇွန် ၁၀

၂၀၂၃ ခုနှစ်အတွင်း၌ မြစ်ကြီးနားမြို့ပေါ်တွင် ဝက်သားဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့သည့်အတွက် အမဲသားဝယ်ယူသူ ပိုမိုများပြားလာကြောင်း အသားရောင်းချ သူများထံမှ သိရသည်။

မြစ်ကြီးနားမြို့ပေါ်သို့ အခြားမြို့နယ်များမှ ဝယ်ယူနေသည့် ဝက္များရှားပါးခြင်း၊ လေလံဈေးနှုန်း မြင့်တက်ခြင်းတို့ ကြောင့် ဝက်သား ဈေးနှုန်းများ မြင့်တက်လာကာ စားသုံးသူများ အနေဖြင့် အမဲသားအား ပိုမို ဝယ်ယူလာကြောင်း ဝက်ခုံဒိုင်တစ်ခုမှ သိရသည်။

” ဝက်သား ဈေးကတော့ တော်ယုံ လူမစားနိုင်တော့ဘူး။ ဈေးတွေအရမ်းမြင့်သွားတယ်။ အမဲသားဈေးထက် ရှစ်ထောင်လောက် မြင့်တက်သွားတယ်။အဓိကက ဝက်ကုန်ကြမ်းရှားတာရယ်၊ လေလံဈေးမြင့်တာရယ် အဲ့ဒါကြောင့် ဝက်သား‌ေတွ ဈေးမြင့်နေတာ။ တချို့ ဝက်ခုံဒိုင်တွေလည်း ဈေးမကိုက်လို့ နားနေကြတယ် ” ဟု ၎င်းကရှင်းပြသည်။

ဝက်သားဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် စားသုံးသူ အနေဖြင့် ကြက်၊ ငါး၊ အမဲသား တို့ကို သာ အဓိက ပိုမို စားသုံးနေရကြောင်း ခေမာသီရိ ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ဆိုသည်။

” ကြိုက်တာကတော့ ဝက်သားပေါ့။ အိမ်မှာက မိသားစု၊ အလုပ်သမား များတော့ အားလုံး လောက်ငှဖို့အတွက် အမဲသားပဲ ဝယ်စားဖြစ်တယ်။ ဈေးကကွာသွားပြီ။ ဝက်သား တစ်ပိဿာနဲ့ အမဲ နှစ်ပိဿာဆို ဈေးက သိပ်မကွာတော့ဘူး ” ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံရေး ပဋိပက္ခ ပြသနာများကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် အခြေခံနေ့စား အလုပ်သမားများ အနေဖြင့် ရရှိသည့် ငွေပမာနနှင့် ‌မိသားစု စားဝတ်နေရေး အခက်အခဲများ နေ့စဉ်ကြုံတွေ့နေရ ကြောင်း ကုန်တင်ကုန်ချ လုပ်သားတစ်ဦးက ဆိုသည်။
လက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် ဝက်သား တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ အိမ်ကြက် တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါး တစ်ပိဿာလျင် (၉၀၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။