Trending Now

ပူတာအိုမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် (GAP) စနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

Spread the love

ပူတာအိုမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် (GAP) စနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ 

EPN
ပူတာအို ဇွန် ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၏ ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် (GAP) စနစ်ဖြင့် စိုက်ပျိုး ခြင်းကွင်းသရုပ်ပြပွဲကို ဇွန်(၂၉)ရက် နံနက်(၈)နာရီက ပူတာအိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ ပန်းလှိုင်ကွင်း တောင်သူ ဒေါ်စွဲ့ဝါလစ် လယ်မြေ၌ကျင်းပသည်။

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က တောင်သူ ပညာပေး လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် သီးနှံအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီက ဒေသခံတောင်သူများအား ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို သိရှိ လိုက်နာဆောင်ရွက်စေရန် တောင်သူပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆောင်းက အဆင့်မြှင့်ဘက်စုံစံပြ ကျေးရွာကို ပူတာအိုခရိုင်အနေဖြင့် ပန်းလှိုင် ကျေးရွာကို ရွှေးချယ်၍ ဆောင်ရွက်လျှက်ရှိကြောင်း၊ တောင်သူ ပညာပေး စံပြကွက်များကိုလည်း တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွန်းက တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများကို ထောက်ပံ့ပေးပြီး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ GAP စနစ်ဖြင့် စိုက်ပျိုးရာတွင် အလျားပေ(၄၀) အနံ(၃)ပေ ဘောင်စနစ်ဖြင့် ပျိုးထောင်ခဲ့ပြီး ပျိုးသက်(၂၂)ရက်သားတွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်းဖြင့် အနံပါပင်ပွားများ ကောင်းမွန်စွာ ဖွံ့ဖြိုးလာပြီး စပါးအထွက်နှုန်း တိုးတက်လာမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။