Trending Now

တစ်နိုင်ငံလုံး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဟု န.စ.က ဥက္ကဋ္ဌပြော

Spread the love

တစ်နိုင်ငံလုံး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဟု န.စ.က ဥက္ကဋ္ဌပြော

EPN
မြစ်ကြီးနား၊ မေ ၂၈

မြန်မာနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

မေလ ၂၇ ရက်နေ့က အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရောက်ကြည့်ရှုစစ်ဆေးစဉ် န.စ.က ဥက္ကဌက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့်အတွက် ခေတ်ကာလအရ နိုင်ငံတကာတွင် မီးရထားများအား လျှပ်စစ်ဓာတ်အား အသုံးပြု၍ ပြေးဆွဲနေကြသဖြင့် မြန်မာနိုင်ငံတွင်လည်း အသုံးပြုသွားနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရန် အတွက် ပဏာမအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစက်ခေါင်းများ ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတကာမှနည်းပညာများလေ့လာ၍ ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ပစ္စည်းများ နှင့်ပြည်ပမှဝယ်ယူရမည့် ပစ္စည်းများပေါင်း စပ်၍ ဒီဇယ်လျှပ်စစ်သုံး (DEMU)စက်ခေါင်းများတည်ဆောက် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရမည်ဟု ၎င်းကပြောသည်။

လက်ရှိအသုံးပြုနေသည့် မီးရထား စက်ခေါင်းများပြင်ဆင်ခြင်းလုပ်ငန်းများဆောင် ရွက်ရာတွင်လည်း ပြုပြင်ခြင်း လုပ်ငန်းအဆင့်ဆင့်အား မှတ်တမ်းဓာတ်ပုံများဖြင့် စနစ်တကျ မှတ်တမ်းတင်ခြင်းထားရန်လိုအပ်သည်ဟု န.စ.က ဥက္ကဌ ပြောသည်။

“စက်ခေါင်းတွေ ဝယ်ယူချိန်ကစပြီး အသုံးပြုမှုနဲ့ပြုပြင်ထိန်းသိမ်းမှုတွေကို စက်ခေါင်းတစ်ခုချင်းအလိုက် သမိုင်းမှတ်တမ်းတွေ ပြည့်စုံအောင်ပြုစုထားဖို့လိုပါတယ် စက်ခေါင်းတွေဟာ တန်ဖိုးကြီး မားတဲ့ ပစ္စည်းတွေဖြစ်လို့ ပြုပြင်ထိန်းသိမ်းခြင်းနဲ့စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းတွေပြုလုပ်ရာမှာ အတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ဆောင် ရွက်ဖို့လိုပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အတူ တစ်နိုင်ငံလုံး လျှပ်စစ်စက်ခေါင်းများဖြင့်ပြေးဆွဲနိုင်ရန် အဓိကထားရည်မှန်းဆောင် ရွက်ရမည်ဖြစ်၍ မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)အနေဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစကာ သုတေသနပြုထုတ်လုပ်ပြီး အဆင့်မြှင့်တင်ခြင်း နှင့်လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများအား အဆင့်ဆင့်ကြိုးပမ်း ဆောင် ရွက်သွားရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

“လက်ရှိ ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ဒီဇယ်လျှပ်စစ်သုံးရထားတွေသုံးပြီး မြို့ပတ်ရထားတွေပြေးဆွဲနေပါတယ် လျှပ်စစ်ရထားတွေပြေးဆွဲနိုင်ဖို့အတွက် သုတေသနပြုလုပ်ဖို့လိုပါတယ် အဲဒီကနေတဆင့် တစ်နိုင်ငံလုံးက အဓိကကျတဲ့နေရာတွေကို လျှပ်စစ်ရထားသုံးပြီးပြေးဆွဲနိုင်ဖို့ အဆင့် ဆင့်ကြိုးပမ်းဆောင်ရွက်သွားဖို့လိုပါတယ်”ဟု ၎င်းကပြောသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။